အောင်လံ   ၄   ဩဂုတ်

 

COVID-19 Economic Relief Plan (CERP)အစီအစဉ်အရ   အောင်လံမြို့နယ်၊ မအူခုံကျေးရွာ၌ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို ဇူလိုင်လ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေဖို့နှင့် ဝင်ငွေရရှိစေဖို့ Cash for Work စီမံကိန်းကို နိုင်ငံနှင့်အဝှမ်း ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် မအူခုံကျေးရွာတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မအူခုံကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည်ပေ ၁‌၉၀၀ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု ကျောက်‌ချော ခင်းခြင်းလုပ်ငန်းကို  Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ဇူလိုင် လ စတုတ္ထအပတ်မှ စတင် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ခွင့်ပြုငွေ၏ ၆၀ ရာခိုင်နှုန်းလုပ်အားခအဖြစ်လည်းကောင်း၊ ၄၀ ရာခိုင်နှုန်းကို ပစ္စည်းတန်ဖိုးအဖြစ်လည်းကောင်း ဆောင်ရွက်ပြီးကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ကာ ကျေးရွာသူကျေးရွာသားများ လူမှုစီးပွားဘဝ ထိခိုက် ဆုံးရှုံးမှုများအား လျော့နည်းသက်သာစေရေးနှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိစေရေး လုပ်အားခချက်ချင်းပေးချေ သည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ပြောပြ၍ သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ အောင်လံမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးနှင့် တာ၀န်ရှိသူများက ကျေးရွာ ကော်မတီဝင် များနှင့်အတူ မအူခုံကျေးရွာ၌ Cash for Work ကျေးရွာတွင်းလမ်း ကျောက်ချောခင်း ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

အောင်လံမြို့နယ်အတွင်း Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် မအူခုံကျေးရွာအပါအဝင် ကျေးရွာ‌ပေါင်း ၁၃ ရွာတွင်းလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းလွင်(မကွေး)