အောင်လံ ဧပြီ ၁၁

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ရွာသစ်(တ)ကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဧပြီ ၁၀ ရက် နံနက်ပိုင်းက အခြေခံပညာအလယ်တန်း ကျောင်းခွဲ ရွာသစ်(တ)ကျေးရွာရှိ ကျောင်းဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ဖွင့်လှစ်ရခြင်းနှင့် နှစ်ထပ်ကျောင်းဆောင်ကို စံရာရိပ် ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ပေးခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက်တွင် ကျောင်းကော်မတီဝင်တစ်ဦးက ကျေးရွာကိုယ်စား အထူးပင်ကျေးဇူးတင် ဂုဏ်ယူဝမ်း မြောက်ကြောင်း ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

 

 

မျိုးသိန်း(ပြန်/ဆက်)