အောင်လံ ၂၆  နိုဝင်ဘာ

 

အောင်လံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ စုရပ်(၂၆၆)နေရာတွင် ကိုးလမှ ငါးနှစ်ခွဲအထိ ကလေးရည်မှန်း ဦးရေ (၁၅၄၀၅)ဦးတို့အား နိုဝင်ဘာလ(၂၆)ရက်နေ့မှစတင်၍ (၂၈)ရက်နေ့အထိ ဝက်သက်−ဂျိုက်သိုး ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းကို  တစ်ပြိုင်တည်း ဆောင်ရွက်လျှက်ရှိကြောင်း    မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်ခန်းမတွင် ဝက်သက်−ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၆)ရက် နံနက်(၇)နာရီခွဲက ကျင်းပရာ   တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးကော်မတီဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက် ခြေနီတပ်ဖွဲ့ဝင်များတက်ရောက်အားပေး ပူးပေါင်းကူညီ ဆောင်ရွက် ခဲ့ကြသည်။

 

“အောင်လံမြိုနယ်မှာ ဝက်သက်ဖြစ်ပွားခဲ့မှုဟာ ၂၀၁၇ခုနှစ်က (၂၅)ဦး၊ ၂၀၁၈ ခုနှစ်က (၆)ဦးနှင့် ၂၀၁၉ ခုနှစ်မှာ (၅၉)ဦးအထိရှိခဲ့တဲ့အတွက် ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြရန်နဲ့ ကလေးများ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် နီးစပ်ရာအချင်းချင်း ဝိုင်းဝန်ကူညီတိုက်တွန်းပေးကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်’’ ဟု မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်က ပြောသည်။

 

သိန်းလွင်(အောင်လံ)