အောင်လံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ပြလို့မြင့်ချောင်းရေတိုက်စားမှုကြောင့် လူနေအိမ်နှင့်ကျေးရွာချင်းဆက် မြေသားလမ်းအရှည်ပေ (၂၀၀)၊ အကျယ် ပေ (၃၀) ပျက်စီး

အောင်လံ  ၂၀  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ယမန်နေ့နံနက်ပိုင်း(၁)နာရီခန့်က  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်နှင့် ကျေးရွာချင်းဆက် မြေသားလမ်းအရှည်ပေ (၂၀၀)၊ အကျယ် ပေ (၃၀) ပျက်စီးမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းဦးဆောင်၍ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါမိုးရွာသွန်းမှုကြောင့် ပြလို့ကျေးရွာအုပ်စု ပြလို့ကျေးရွာနှင့် ပြလို့မြင့်ကျေးရွာချင်းဆက်လမ်း မြေသားလမ်းအရှည်(၂၀၀)ပေ၊ အကျယ်(၃၀)ပေနှင့်  အိမ်ထောင်စု(၈)စုမှ လူနေအိမ်(၈)လုံးတို့ပျက်စီးခဲ့ပြီး ရေဘေးသင့် လူဦးရေ ကျား(၁၈)ဦး၊ မ(၂၆)ဦး၊ စုစုပေါင်း(၄၄)ဦးအား နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီနေရာ ချထားပေးခဲ့သည်။ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဘေးစီမံ ဌာနသို့ ဆက်သွယ်ဆောင်ရွက်ထားရှိပြီး  ကျေးရွာချင်းဆက်လမ်းပျက်စီးမှုအတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးခဲ့သည်။ ယင်းရေကြီးရေလျှံမှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)