အောင်လံ  ၁၁  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့်အနေဖြင့် ရန်ကုန်−ပြည်−မကွေးကားလမ်းပေါ်ရှိ မြို့နယ်စီမံကိန်းရုံးအနီးနှင့် ရွှေညောင်ပင်ကျေးရွာအုပ်စု တိုးဂိတ်၌ စောင့်ကြည့်စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ ပူးပေါင်းစစ်ဆေးရေး ဂိတ်ဖွင့်လှစ်ဆောင်ရွက်မှုကို စက်တင်ဘာ(၁၀)ရက်က စတင်စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

 

အောင်လံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းတစ်ခုအဖြစ် ပူးပေါင်းစစ်ဆေး ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်၍ မော်တော်ယာဉ်အဝင်/အထွက်စာရင်းပြုစုမှတ်သားခြင်း၊ မြို့တွင်း ဖြတ်သန်း သွားလာသောယာဉ်များကို အမှန်တကယ်ဖြတ်သန်းသွားလာခြင်းရှိ/မရှိကို စစ်ဆေးရေးဂိတ် တစ်ခုနှင့် တစ်ခုချိတ်ဆက်၍စိစစ်ဆောင်ရွက်ခြင်း၊ မြို့အတွင်းသို့ဝင်ရောက်လာသူများအား ခရီသွားလာခွင့် အထောက်အထားများစိစစ်၍ Stay at Home ဒေသမှဖြစ်ပါက Quarantine ဝင်ရောက်ရန် စသည့်အချက်များကို စစ်ဆေးဆောင်ရွက်ခြင်းများအား မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာများက တာဝန်ရှိသူများနှင့် ဂိတ်အနီးအနားမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

                       

မျိုးသိန်း(ပြန်/ဆက်)