မုံရွာ ၁၂ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ရုံးကြီးလမ်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ကရာတေးဒိုပြိုင်ပွဲတွင် အောင်ပွဲရ တိုင်းဒေသကြီးကိုယ်စားပြု ကရာတေးဒိုအသင်းအား ကျောင်းသား၊ ကျောင်းသူများ၊ ခရိုင်ဘောလုံးအသင်းများမှ အားကစားသမားများက ကြိုဆိုဂုဏ်ပြုပွဲကို ဇူလိုင်(၁၁)ရက် ညနေ(၄)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ကရာတေးဒိုပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော အမျိုးသားတံခွန်စိုက်ဆုဖလားအား စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အပ်နှံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း က ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားကာ ကရာတေးဒိုအားကစားနည်းပြများနှင့် အုပ်ချုပ်သူများမှ တံခွန်စိုက် ဆုဖလား အပ်နှံမှုကို လက်ခံရယူကာ ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


၂၀၁၉ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ကရာတေးဒိုအားကစားပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်(၃)ဆု၊ ငွေတံဆိပ် (၁)ဆုနှင့် ကြေးတံဆိပ်(၂)ဆု တို့ကိုရရှိသဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိခဲ့ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)