တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှုမှာ ယခုနှစ်တွင် ၇၆ နှစ် ပြည့်မြောက်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခါစ တရုတ်နိုင်ငံသည်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တိုင်းသစ်ပြည်သစ်ထူထောင်ခါစတွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြခြင်းဖြစ်သော်လည်း နယ်နိမိတ်ချင်းရှည်လျားစွာထိစပ်နေသည့် နှစ်နိုင်ငံကြားမှ ဆက်ဆံရေးမှာ နှစ်ပေါင်းထောင်ချီ ရှည်ကြာနေပြီဖြစ်သည်။
သမိုင်းပေး အခြေအနေများအရ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့မှာ နိုင်ငံရေးစနစ်ချင်းမတူ။ သို့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်အခါ နိုင်ငံရေးစနစ် မတူညီသည့်နိုင်ငံများထဲမှ မြန်မာနိုင်ငံက ပထမဦးဆုံး အသိအမှတ်ပြုသည့်နိုင်ငံဖြစ်သလို တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခေတ်အဆက်ဆက်တွင် တစိုက်မတ်မတ်ထောက်ခံခဲ့သော နိုင်ငံလည်းဖြစ်သည်။ ထို့နောက်တွင် တရုတ်-မြန်မာနှစ်နိုင်ငံကြား နယ်နိမိတ်သတ်မှတ်သည့်ကိစ္စများ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ချမှတ်သည့်ကိစ္စများ စသည်တို့မှာ နှစ်နိုင်ငံဆက်ဆံရေး၏ အထင်ကရ သမိုင်းမှတ်တိုင်များ ပင်ဖြစ်သည်။
တရုတ်- မြန်မာနှစ်နိုင်ငံကြားမှ ဆက်ဆံရေးသည် ထူးခြား၍ လေးနက်သည့် ဆက်ဆံရေးမျိုးဖြစ်ပြီး “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးဟူ၍ နားလည်ထားကြသည်။ ဆွေမျိုးပေါက်ဖော်ဟူသော ဝေါဟာရ သည် သံတမန်ရေးရာ အသုံးအနှုန်းထက် ပိုမို သာလွန်ကာ ရာဇဝင်ကျမ်းများ၊ အစဉ်အလာ ယုံကြည်မှုများမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူစိမ်းများမဟုတ်ခြင်း၊ သွေးသားတော်စပ်ခြင်း၊အတူတကွ မွေးဖွားခြင်းဟူသည့် အနက်အဓိပ္ပာယ်များ ပါဝင်လျက်ရှိသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၇၆ နှစ်တာကာလအတွင်း ခေတ်အဆက်ဆက်တွင် နှစ်ဖက်ခေါင်းဆောင်များ၏ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ခြင်း၊ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ချမှတ်၍ တွန်းအားပေး ဆောင်ရွက်ခြင်း စသည်တို့ဖြင့် အဆင့်ဆင့် တိုးတက်လာခဲ့ရာ ၂၀၁၁ ခုနှစ်တွင် “မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး” အဖြစ်သို့လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် တရုတ်သမ္မတကြီး မစ္စတာရှီကျင့်ဖျင်၏ ခရီးစဉ်မှ စ၍ “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း” အဖြစ်သို့လည်းကောင်း ကူးပြောင်းရောက်ရှိလာခဲ့ပြီဖြစ်သည်။
“အေးအတူ ပူအမျှဆိုတာက တစ်ယောက်နဲ့တစ်ယောက် အတူတကွတူညီတဲ့ အကျိုးခံစားမှုရှိအောင် လုပ်ကြတာပါ။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု ဒါမှမဟုတ် တည်ငြိမ်အေးချမ်းမှု ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ အသီးအပွင့်တွေရှိလာရင် တရုတ်နိုင်ငံက ဒီဟာကို ခံစားရတယ်။ ဒီလိုပဲ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်နိုင်ငံရဲ့ ဦးဆောင်မှုတွေ ရှိလာတဲ့အခါ မြန်မာနိုင်ငံက အဲဒီအကျိုးကို ခံစားရတာပါ။ အဲဒါက အေးအတူပူအမျှပဲ။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်ဆောင်ရွက်ဖို့ ရှိပါတယ်။ ကျွန်တော်တို့ အစိုးရတက်လာ တဲ့အချိန်မှာ ကျွန်တော်တို့ အစိုးရကလည်း တရုတ်-မြန်မာ ဆက်ဆံရေးမှာ အေးအတူပူအမျှရှိတဲ့ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ရည်မှန်းပြီး ဆောင်ရွက်နေပါတယ်” ဟူ၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်-မြန်မာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ် “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ် အစီအစဉ်”ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စဉ် China Media Group - CMG မှ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ကို ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်လျက်ရှိသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် တရုတ်သမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်း၊ ပြည်နယ်အကြီးအကဲ များနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို လက်ခံတွေ့ဆုံခြင်း၊ ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်သည့် နိုင်ငံတော် အဆင့်ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံပြည်သူများအတွက် ရေရှည်တည်တံ့သည့် ဘုံအကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ-တရုတ်အနာဂတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားရေးတို့ကို ပိုမိုခိုင်မာအားကောင်းစွာ ဖြစ်ထွန်းစေပါမည့်အကြောင်း။ ။


