နေပြည်တော်၊ ဇွန် ၃
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျဆင်းစေပြီး နိုင်ငံ၏အုပ်ချုပ်ရေးယန္တယား၊ စီးပွားရေးလုပ်ငန်းများ အပါအဝင် ဘက်ပေါင်းစုံကို ယိုယွင်းပျက်စီးစေနိုင်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ အများစုတွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ကျင့်သုံးလျက် ရှိသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန်၊ စိတ်ကောင်းစေတနာကောင်း ထားရှိရန်နှင့် မိမိတာဝန် မိမိကျေပွန်စွာ ထမ်းဆောင်ကြရန်၊ အဂတိလိုက်စားမှုကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊
မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) ကိုဖွဲ့စည်းပြီး အဂတိလိုက်စားမှုလျော့နည်း ပပျောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိပတ်ဝန်းကျင်နှင့် မိမိအဖွဲ့အစည်းသို့ တဆင့်ပြန်လည် မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ် တွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဆိုင်ရာများကိုလည်းကောင်း၊ ပိုင်ဆိုင်မှုကြေညာလွှာ စိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘော သဘာဝများကိုလည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများကို လည်းကောင်း၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်သော်နိုင်က စုံစမ်းစစ်ဆေးရေးဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့်အဖွဲ့သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်