မန္တလေး ၁၁ မေ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲ ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ မြို့ဟောင်း ဘူတာဈေးအနီး ကွင်းအမှတ်(၄၀၇) ဗာဂျီးနီးယား ဆေးလုပ်ငန်းစက်ရုံဝန်း အတွင်းရှိ အဆိုပါရုံး အဆောက်အဦတွင် ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ မန္တလေးမြို့တော်ဝန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ UNDP နှင့် UNODC မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းများမှ ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးရန် အရှိန်ယူနေသည့် နိုင်ငံများနှင့် အသွင်ကူးပြောင်းရေးကာလတွင် ရောက်ရှိနေသည့် နိုင်ငံများအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဟု ထင်မြင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေမှုကို နှောင့်နှေးစေရုံသာမက လူတန်းစား မညီမျှမှုများနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းများဖြစ်စေနိုင်ကြောင်း။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းစဉ်များသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို ကော်မရှင်တစ်ခုတည်းဖြင့် အောင်မြင်အောင်လုပ်ဆောင်၍ မရပါကြောင်း၊ ပြည်သူများ အစိုးရနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရမည် ဖြစ်ပါကြောင်း။
မန္တလေးတိုင်းဒေသကြီးအတွင်းမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားသည့် တိုင်ကြားစာပေါင်း ၁၆၇၇ စောင်ရှိပြီး အဂတိမမြောက်သည့် တိုင်စာ ၁၆၈ စောင်ကို မိမိတို့အစိုးရအဖွဲ့ထံ ပြန်လည်ပေးပို့ထားကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မန္တလေးမြို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲ ဖွင့်လှစ်ခြင်းအတွက် ကြိုဆိုပါကြောင်းနှင့် အဆိုပါကော်မရှင်အဖွဲ့နှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သည် ယခုရုံးခွဲကို ဗဟိုပြု၍ မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေးရေး လုပ်ငန်းများ၊ တာဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မည့်အပြင် အစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံလူထုအား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံ ဆွေးနွေးနိုင်ခွင့်လည်း ရရှိလာမည်ဖြစ်ပါကြောင်း။ ကော်မရှင်၏ အဓိကရည်ရွယ်ချက် များဖြစ်သော ''သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်'' ဟူသော အချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း။
ကော်မရှင်မှ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အထိုက်အလျောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်သမ္မတကြီးနှင့်တကွ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေး စိတ်ဆန္ဒပြင်းပြမှုနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နိုးကြားမှုရေချိန် မြင့်မားလာမှုတို့ကြောင့် ဖြစ်သည်မှာ ထင်ရှားပါကြောင်း။ ထို့ကြောင့် နိုင်ငံတော် အစိုးရက ပေးအပ်ထားသော ကော်မရှင်၏ ရည်မှန်းချက်တာဝန်များကို အပြည့်အဝအောင်မြင်သည်အထိ ထမ်းရွက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အကြီးမှူးများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဘက်ဘက်မှ ဆက်လက်ဝိုင်းဝန်း ကူညီပေးကြပါရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲ အဆောက်အဦအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊
ဓာတ်ပုံ- အောင်ဖြိုးကျော်