နေပြည်တော် ဒီဇင်ဘာ ၂၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်၊ ဝန်ထမ်းများ၏လေ့လာမှုနှင့် စာဖတ်စွမ်းရည် မြင့်မားလာစေရန်၊ အများရှေ့တွင် တင်ပြနိုင်မှုစွမ်းရည်(Presentation Skill) မြှင့်တင်ရန်၊ ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာဗဟုသုတများ မျှဝေပေးနိုင်ရန်အတွက် ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ပါဝင်ဆွေးနွေးသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းကြောင့် ဝန်ထမ်းများလေ့လာသင်ယူမှုပိုမို အား ကောင်းလာပြီး အသိပညာဗဟုသုတ တိုးပွားလာမည်ဖြစ်ကြောင်း၊ ကော်မရှင်ဝန်ထမ်းများ အနေဖြင့် အဂတိလိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို သေချာစွာသိရှိ ထားမှသာလျှင် အခြားသူများကို အသိပညာပေးဆွေးနွေးနိုင်မည်ဖြစ်ပြီး ကိုယ်တိုင် ကျင့်ဝတ်နှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် အဂတိကင်းစင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဂတိလိုက်စားခြင်းသည် ရှက်ရွံ့စရာဖြစ်ကြောင်း လူတိုင်းရင်ထဲစွဲမြဲသည်အထိ ပြုပြင်ပြောင်းလဲပေးနိုင်ရေး စံနမူနာပြပြုမူနေထိုင်ကျင့်ကြံရမည်ဖြစ်ကြောင်း၊ အဂတိ လိုက်စားခြင်းသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းဖြစ်သည့်အတွက် အဂတိလိုက်စားမှု ကျူးလွန်သူ၏ဂုဏ်သိက္ခာကိုသာမက နိုင်ငံတော်၏ဂုဏ်သိက္ခာကိုလည်း များစွာထိခိုက် ကျဆင်းစေနိုင်ကြောင်း၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် ကော်မရှင်တစ်ခုတည်း ၏ ကြိုးပမ်းအားထုတ်ခြင်းဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ အစိုးရဌာနအဖွဲ့အစည်း များ၊ ပုဂ္ဂလိက၊ အရပ်ဘက်အဖွဲ့အစည်းများသာမက နိုင်ငံသားတိုင်း၏ ပူးပေါင်းပါဝင်မှုများ လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပေါ်ရေးနှင့် အဂတိလိုက်စားမှုကင်းစင်သည့် လူ့အဖွဲ့အစည်းဆီသို့ ဦးတည်ရာ၌ ခိုင်မာသော သန္နိဋ္ဌာန်၊ မယိမ်းမယိုင်သော ဖြောင့်မတ်တည်ကြည်မှုရှိမှသာ အောင်မြင်စွာ ဖြတ်ကျော်နိုင် မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကို လုံးဝသည်းခံခွင့်လွှတ်မှုမပြုခြင်းဖြင့် အဂတိလိုက် စားမှုကင်းစင်သော အနာဂတ်ဆီသို့ လက်တွဲဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Moderator ဦးဆောင်ဆွေး နွေးသူအဖြစ် ညွှန်ကြားရေးမှူး ဦးလင်းဝေအောင် က ဆောင်ရွက်ပြီး ကော်မရှင်ရုံးအဖွဲ့မှ ဦးစီး အရာရှိ ဒေါ်အိအိကျော်က “အဂတိလိုက်စားမှုကို ရှက်ရွံ့ခြင်းနှင့်ဆန့်ကျင်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စီမံရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူက “ဖြောင့် မတ်တည်ကြည်မှုရှိသည့်လုပ်ငန်းခွင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စုံစမ်းစစ်ဆေးရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုလာဘ်နွယ်က “အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူ့အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြ၍ တက်ရောက် လာသူများက ပါဝင်ဆွေးနွေးပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


