နေပြည်တော်  ဇွန် ၁၀

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ဇွန် ၁၀ ရက် နံနက် ၉  နာရီခွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ ၅၁ ဦး တက်ရောက်ခဲ့ကြသည်။

 

သင်တန်းဆင်းပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက သင်တန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ ကော်မရှင်ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်း လက်စွဲ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စတိုပစ္စည်း စာရင်းထားနည်း၊ အမှုတွဲ ထိန်းသိမ်းနည်း၊ လုပ်ငန်း ကော်မတီ၊ ဌာနများ၏ ဆောင်ရွက်ချက်များ၊ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပို့ချသင်ကြားပေးခဲ့သည့်အတွက် ဝန်ထမ်းသစ်များအနေဖြင့် လုပ်ငန်းသဘောတရားများကို အတိုင်းအတာတစ်ခုအထိ သဘောပေါက် နားလည်မည်ဟု ယုံကြည်ပါကြောင်း၊ ဝန်ထမ်းသစ်များ အနေဖြင့် ယနေ့မှစ၍ လုပ်ငန်းခွင်သို့ ဝင်ရောက်ရတော့မည်ဖြစ်ရာ သက်ဆိုင်ရာဌာနခွဲ အသီးသီးတွင် တာဝန်ထမ်းဆောင်ရာ၌  သင်တန်းမှ ပို့ချပေးလိုက်သည့် သင်ခန်းစာများကို အခြေခံ၍ လုပ်ငန်းခွင်တွင် ထပ်မံလေ့လာသင်ယူ၍ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာ ရပ်တည်နိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ အားလုံးပါဝင်နိုင်မှု အစရှိသည့် အခြေခံမူများကို လိုက်နာ ကျင့်သုံးရမှာဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်ချက်၊ နေထိုင်ပြောဆိုမှုများသည် ကော်မရှင်ရုံး၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ကို သိရှိရန်လိုကြောင်း၊

ဝန်ထမ်းသစ်များ အနေဖြင့် ကော်မရှင်၏ရည်မှန်းချက်၊ ဦးတည်ချက်များကို အောင်မြင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်ကို အမြဲနှလုံးသွင်းထားရန် လိုကြောင်း၊ ဝန်ထမ်းများသည် အနာဂတ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အတွက် အားကိုးအားထားပြုရသည့်၊ ယုံကြည်စိတ်ချရသည့် ဝန်ထမ်းများ၊ နိုင်ငံတော်အတွက် အကျိုးကျေးဇူး များစွာကို ဖန်တီးပေးနိုင်သည့် ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်နိုင်ကြစေရန် ဆန္ဒပြုပကြောင်း ပြောကြားသည်။

 

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ရရှိခဲ့ကြသည့် သင်တန်းသား သုံးဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ ချီးမြှင့်ပေးအပ်ပြီး သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား ၅၁ ဦးကိုယ်စား သင်တန်းသားတစ်ဦးကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်