နေပြည်တော်၊ ဇန်နဝါရီ ၂၉

 

အဂတိလိုက်စားမှုနှင့် ဆက်နွှယ်သည့်  ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ငွေရေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲမှူးကြီးများ၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး၊ ကော်မရှင်ရုံးနှင့် ကော်မရှင်ရုံးခွဲများမှ အရာထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု ကိစ္စရပ်များကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ယနေ့အလုပ်ရုံ ဆွေးနွေးပွဲကိုကျင်းပ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငွေကြေးခဝါချမှု (Money Laundering – ML) ဆိုသည့် ပြစ်မှုကျူးလွန်ရာမှ ရရှိသော ငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များ (Proceed of Crime – POC/ ငွေမဲများ) ကို ဥပဒေနှင့်အညီ အရေးယူခံရခြင်းမှ ရှောင်ရှားနိုင်ရန်နှင့် တရားဝင်ငွေဖြူအဖြစ် ထင်မှတ်စေရန်အတွက် ငွေမဲများ၏ မူလဇာစ်မြစ်၊ ပိုင်ဆိုင်မှု၊ တည်နေရာ၊ ပုံဏ္ဌာန်တို့ကို ဖုံးကွယ်ရန် (Concealing) သို့မဟုတ် အသွင်ပြောင်းလဲရန် (Disguising) ရည်ရွယ်၍ ပြောင်းလဲခြင်း (Conversion) သို့မဟုတ် လွှဲပြောင်းခြင်း (Transfer) ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ငွေကြေးခဝါချမှုသည် တိုက်ရိုက်ကျူးလွန်၍ မရဘဲ မူလပြစ်မှု တစ်ခုခုကို ကျူးလွန်ခဲ့ပြီးရရှိလာသည့် ငွေကြေးနှင့်ပစ္စည်းများကို ခဝါချခြင်းဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအနေဖြင့် မူလပြစ်မှုဖြင့် ဖမ်းဆီးအရေးယူသည့်အခါ ငွေကြေးခဝါချမှု ကျူးလွန်ထားခြင်း ရှိ/မရှိကို စိစစ်ရန် လိုအပ်သည့်အတွက် Financial Investigation ကိုပါပြုလုပ်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးပေါ်ပေါက်ပါက ငွေကြေးခဝါချမှု ရှိ/မရှိ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း Financial Investigation ကိုပါ Parallel financial Investigation အဖြစ် တစ်ပါတည်း ဆောင်ရွက်သင့်ပါကြောင်း၊ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးသည့်အခါ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း (Financial Investigation) ကို တစ်ပြိုင်တည်း တိုးမြှင့်လုပ်ဆောင်ရန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းရန်လိုအပ်ပါကြောင်း၊

ငွေကြေးခဝါချမှုကြောင့် ဆုံးရှုံးရသည့် ငွေကြေးပမာဏထက် နောက်ဆက်တွဲအနေဖြင့် ဆိုးကျိုးပမာဏကို ပို၍ကြီးမားစေပါကြောင်း၊ မျက်မှောက်ကာလတွင် နည်းပညာပြောင်းလဲ တိုးတက်လာသည်နှင့်အမျှ မှုခင်းဖြစ်ရပ်များလည်း ပိုမိုရှုပ်ထွေးနက်နဲလာပြီး ခက်ခဲသည့် ဖြေရှင်းမှုများကို ဆောင်ရွက်နေရကြောင်း၊ စုံစမ်းစစ်ဆေးရေး လုပ်ငန်းဆောင်ရွက်ရသည့်ဝန်ထမ်း များကိုလည်း လိုအပ်သည့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊

အလုပ်ရုံဆွေးနွေးပွဲတွင်ဝန်ထမ်းများကို ငွေကြေးခဝါချမှုနှင့်စပ်လျဉ်း၍ ပိုမိုသိရှိနားလည်စေရန် ဝန်ကြီးဌာနအသီးသီးမှ ပညာရှင်များက လာရောက်ပို့ချသည့်အတွက် များစွာ အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းနောက် FIU အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုးက UNCAC ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာ၌ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဆောင်ရွက်ခြင်းသည်လည်း အရေးပါကြောင်း၊ FIU နှင့် ကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှုများကို ထိရောက်စွာတိုက်ဖျက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယရဲမှူးကြီး မြင့်စိုးက ငွေကြေးဆိုင်ရာ အရေးယူဆောင်ရေးအဖွဲ့ (Financial Action Task Force - FATF) အကြံပြုချက် (၄၀) နှင့် မြန်မာနိုင်ငံက AML/ CFT ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်မှု နည်းပညာပိုင်းဆိုင်ရာ လိုက်နာမှုနှင့် အကျိုးသက်ရောက်မှု စံနှုန်းသတ်မှတ်ချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယရဲမှူး ဝင်းနိုင်ထွန်းက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်နေမှုများ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က အဂတိ လိုက်စားမှုနှင့် ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းများ အပြိုင်စစ်ဆေးခြင်း (Parallel Investigation) တို့နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး‌ခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အလုပ်ရုံဆွေးနွေးပွဲ၌ ဆွေနွေးချက်များမှ ရရှိလာသည့်ရလဒ်များနှင့် recommendations အပေါ် သုံးသပ်ဆွေးနွေးခဲ့ကာ တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်