နေပြည်တော် ဇွန် ၁၄

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုဝေးခန်းမ ဆောင်၌ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ ၊ CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုဖြစ်စေနိုင်သည့် ကိစ္စရပ်များ၊ နစ်နာဆုံးရှုံးမှုများနှင့် ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိ နားလည်သဘောပေါက်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ် ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပေါ်နိုင်သည့်အတွက် ကျူးလွန်မိပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူအပြစ်ပေးခံရခြင်းကြောင့် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာကျဆင်းစေမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာ ရှောင်ကြဉ်ရန်အထူးလိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)ကို ဖွဲ့စည်း၍ အဂတိ လိုက်စားမှု လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျှက်ရှိပြီး ယနေ့အခမ်းအနားသို့ တက်ရောက် လာသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများကို မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့်တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများ အသိပညာပေးကဏ္ဍကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများ အပေါ် ယုံကြည်အားကိုးခြင်းသည် အစိုးရအပေါ်ယုံကြည်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနှင့် မိမိဌာန၊ မိမိနိုင်ငံတော်၏ ပုံရိပ်ကောင်းမွန်ရန်အတွက် အဂတိတရား ကင်းစင်၍ ဖြောင့်မတ်တည်ကြည်စွာ အများပြည်သူအကျိုးစီးပွားကို ရှေးရှု၍ တာဝန်ထမ်းဆောင်စေ လိုကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအခန်းကဏ္ဍ၊ စုံးစမ်းစစ်ဆေးခြင်း နှင့်စပ်လျဉ်း၍ လည်းကောင်း၊ အသိပညာပေးရေးနှင့်   ပြည်သူ့ဆက်ဆံရေးဌာနခွဲ  ညွှန်ကြားရေးမှူး  ဒေါ်ဇာဇာမိုးက  အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အကြောင်းအရင်းများ၊ ဆိုးကျိုးများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တားဆီး ကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

 

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိသည်။

(သတင်းစဉ်)