မော်လမြိုင် ဇွန် ၁၄
“လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)၌ ကျင်းပရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး၊ အစိုးရနည်းပညာအထက် တန်းကျောင်း(မော်လမြိုင်)မှ ကျောင်းအုပ်ကြီး ဦးသန်းထိုက်အောင်နှင့် ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
စကားဝိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း က လူငယ်များ အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုဆိုသည် မိမိကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်း၊ ပတ်ဝန်းကျင်ကဖြစ်စေ၊ နိုင်ငံတော်ကဖြစ်စေချမှတ်ထားသည် မှန်ကန်သော ကျင့်ဝတ် များနှင့် စည်းမျဉ်းစည်းကမ်းများကို မြဲမြံစွာလိုက်နာ စောင့်ထိန်းရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ် တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ် ပေါ်လာစေရန် လူငယ်များ၏ ပညာရေးကဏ္ဍဖြစ်သည့် စာသင်ကျောင်းများမှ စတင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု”ခေါင်းစဉ်ဖြင့် လူငယ် စကားဝိုင်းဆွေးနွေး ပွဲကို ကျင်းပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)မှ ကျောင်းသား ကျောင်းသူ များက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားကြသည်။
ထို့နောက် အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်)မှ ကျောင်းအုပ်ကြီး ဦးသန်းထိုက် အောင်က ကျေးဇူးတင် စကားပြောကြား၍ အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


