နေပြည်တော်၊ ဇွန် ၁၀

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit – CPU) များဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ CPU အဖွဲ့များအနေဖြင့် လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးမှုလျော့နည်းရေး၊ ဌာနဆိုင်ရာများ၏ ဝန်ဆောင်မှုများကို လူထုထံသို့ ပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးရေးနှင့် အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရေးလုပ်ငန်းစဉ်များကို အထူးအလေးထား စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူလျက် စုံစမ်းစစ်ဆေးရေး၊ အသိပညာပေးရေး၊ တားဆီးကာကွယ်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက စုံစမ်း စစ်ဆေးရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဥပဒေရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ဖြူပွင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့်အဖွဲ့သည် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံ၊ အားသာချက်၊ အားနည်းချက်၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်