အဒစ်အဘာဘာ ဇွန် ၁၃
အီဘိုလာရောဂါ တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံနှင့် အာဖရိကဒေသအကြား အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း အာဖရိကဒေသ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့၌ လက်ရှိအချိန်တွင် အီဘိုလာရောဂါ ကူးစက်ခံရသူ ၆၅၀ ကျော်ရှိနေသည်။ အဆိုပါနိုင်ငံများတွင် ဗူဒီဗက်ယိုအမျိုးအစား အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၅၄ ဦးနှင့် သေဆုံးသူ ၁၂၉ ဦးရှိကြောင်း အာဖရိကဒေသကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ ညွှန်ကြားရေးမှူး ယွန်ကတ်ဆီရာက ပြောကြားသည်။ လက်ရှိအချိန်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ရောဂါပိုးကူးစက်ခံရသူနှင့် အနီးကပ်နေထိုင်ခဲ့သူများအား ရှာဖွေကာ ရောဂါ ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ရောဂါကုသရေးလုပ်ငန်းများ နှောင့်နှေးနေကြောင်း ၎င်းက ပြောကြားသည်။ ရောဂါကူးစက်သည့် နေရာဒေသများ ကျယ်ပြန့်လာခြင်း၊ ရောဂါကူးစက်ခံရသူများအား လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အခက်အခဲများရှိခြင်းနှင့် ရောဂါတိုက်ဖျက်ရေးရန်ပုံငွေ နည်းပါးခြင်းအပြင် အခြားအခက်အခဲများရှိကြောင်း ၎င်းကပြောကြားသည်။
ဒေသတွင်း ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုကြောင်းနှင့် အာဖရိကနိုင်ငံများနှင့် ဒေသတွင်း ပြည်သူ့ကျန်းမာရေး လုပ်ငန်းအပေါ် တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ်ပံ့ပိုးမှု အတွက်ဝမ်းမြောက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အာဖရိကဒေသတွင်း အီဘိုလာရောဂါ တိုက်ဖျက်ရေးကဏ္ဍတွင် ငွေကြေးနှင့် လူသားအရင်းအမြစ်များ ပံ့ပိုးခဲ့ကြောင်း ၎င်းက ပြောကြားသည်။
အီဘိုလာဗိုင်းရပ်စ်သည် ကူးစက်လွယ်ပြီး ဖျားခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ယေဘုယျအားဖြင့် နာကျင်ကိုက်ခဲခြင်းနှင့် မအီမသာဖြစ်ခြင်း၊ ပြင်းထန်သော အခြေအနေများတွင် ခန္ဓာကိုယ်အတွင်းပိုင်းနှင့် အပြင်ပိုင်းသွေးယိုစီးခြင်း အပါအဝင် ရောဂါလက္ခဏာများ ဖြစ်စေကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ


