ရန်ကုန် ဖေဖော်ဝါရီ ၂

       

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ပို့ဆောင်ပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အီရတ်နိုင်ငံရှိ အာဏာပိုင်များနှင့်ညှိနှိုင်းပြီး နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဖေဖော်ဝါရီ ၁ ရက်က ဘဂ္ဂဒက်မြို့မှ ဘဂ္ဂဒက်-ဒူဘိုင်း လေယာဉ်ခရီးစဉ်ဖြင့် ဒူဘိုင်းသို့ထွက်ခွာခဲ့ပြီး ယနေ့တွင် ဒူဘိုင်းမှ ဒူဘိုင်း-ဗန်ကောက် လေယာဉ် ခရီးစဉ်ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ရောက်ရှိပြီး ညနေ ၅ နာရီ ၁၅မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း လိုင်းဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာကြသည်။

 

ထိုသို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသားများကို နိုင်ငံခြားရေး၀န်ကြီးဌာန ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရခိုင်အမျိုးသားကွန်ရက်အဖွဲ့တို့မှ တာ၀န်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

 ပြန်လည်ရောက်ရှိလာသော အီရတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှာ မဟန်နီထွန်း၊ မမြတ်အေးစံ(ခ)​ဝေဝေ၊ မသန်းနွယ်ဌေးတို့ သုံးဦးဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)