လိပ်သို ဇန်နဝါရီ ၂၉

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ အပူချိန်မြင့်သော ကျေးရွာများရှိ စိုက်ပျိုးရေးကို စိတ်ဝင်စားသော ဒေသခံအချို့မှာ ဂွေးချိုသီးပင်များကို အိမ်ခြံဝင်းအတွင်း စမ်းသပ်စိုက်ပျိုးလာရာမှ မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

 

ဂွေးချိုသီးပင်များမှာ ပူ၍ခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်၍ မိမိတို့နေထိုင်ရာ ကျေးရွာ ရာသီဥတုနှင့် ကိုက်ညီခြင်း၊ ဂွေးချိုသီးကို ဝယ်ယူစားသုံးခဲ့ရာမှ နှစ်ခြိုက်မှုရှိခြင်း၊ ဂွေးချိုသီးကို  သရေစာအဖြစ် ထုတ်လုပ်ရောင်းချမှုများကို မြင်တွေ့ရခြင်း၊ ဒေသတွင်း စီးပွားဖြစ် စိုက်ပျိုးသူမရှိခြင်းကြောင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းပါက အပိုဝင်ငွေ ရရှိခြင်းတို့ကြောင့် အိမ်ခြံဝင်းအတွင်း စမ်းသပ်စိုက်ပျိုးခဲ့ရာမှ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

 

ဂွေးချိုသီးများကို ကလေးလူကြီးမကျန် နှစ်ခြိုက်ကြ၍ သရေစာအဖြစ် ၁၀ဝ ကျပ်မှ ၅၀ဝ ကျပ်အထိ ဝယ်ယူကြကြောင်း၊ သရေစာ ပြုလုပ်ရောင်းချသူများကလည်း ၅၀၀ဝ ကျပ်မှ ၁၀၀၀ဝ ကျပ်အထိ မှာယူကြ၍ အပိုဝင်ငွေရရှိနေသော်လည်း လုံလောက်မှုမရှိသောကြောင့် ဥယျာဉ်ခြံကြီးများတွင် တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

ခင်လေးနွယ်(လိပ်သို)