အိမ်မဲ ၄ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ဂယက်ကြီးကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းနှင့် ထွန်ယက်မြေမြုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၃ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်းနှင့် ထွန်ယက်မြေမြုပ်ခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) အပင်များအား လယ်ထွန်စက်စက်ဖြင့် ထွန်ယက်မြေမြုပ်ပွဲကို ကျင်းပခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန မြောင်းမြခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ဂယက်ကြီးကျေးရွာမှ တောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပိုက်ဆံလျှော် တစ်ဧကမြေမြုပ်စိုက်ပျိုးလျှင် သစ်စိမ်းမြေသြဇာ ၅ တန် မှ ၇ တန် ရရှိနိုင်ကြောင်း၊ သစ်စိမ်းမြေသြဇာ ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် မြေဆီသြဇာထက်သန်ပြီးမြေကြီးအတွင်း လေဝင်လေထွက်ကောင်းခြင်း၊ ရေစိမ့်ဝင်မှု ကောင်းခြင်း၊မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်နိုင်ခြင်း၊ ပေါင်းပင်ပေါက်ရောက်မှုကို လျော့ကျစေခြင်း၊ နီမတုတ်ပိုး ကျရောက်မှုကိုလည်း ခံနိုင်ရည်ရှိခြင်းနှင့် ကာကွယ်နိုင်ခြင်း၊ ပိုက်ဆံလျှော် (Bio mass) ၁၀ တန်လျှင် နိုက်ထရိုဂျင်ပမာဏ (၁၅၀)ကီလိုဂရမ် ထုတ်ပေးနိုင်ခြင်းကြောင့် နိုက်ထရိုဂျင်ဓာတ်ကို များစွာရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းမြင့်က ပြောသည်။
ချစ်သက်လယ်(အိမ်မဲ)


