အိမ်မဲ ၁၅ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဥ်ဖြင့် ငါးမွေးတောင်သူများအား ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၄၅၁၁၀၀ ကို စက်တင်ဘာလ ၁၅ ရက် နံနက် ၁၀ နာရီ က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
"အိမ်မဲမြို့နယ်အတွင်း ကျေးရွာအုပ်စု ၈ အုပ်စုက ငါးမွေးတဲ့တောင်သူတွေကို ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအနေနဲ့ (Covid -19 Economic Relief Plan ပါ Action Plan) အရ နိုင်ငံတော်အစိုးရမှ ငါးမွေးကန် (၂၂၅.၅၅)ဧကအတွက် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၄၅၁၁၀၀ ကို ငါးမွေးတဲ့တောင်သူတွေ လက်ဝယ်အရောက် ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်လို့'' မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ပြောသည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးအရာရှိ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံးက သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


