အိမ်မဲ ၇ စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲကို အဆိုပါဦးစီးဌာန၏ ရုံးခန်းမ၌ စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး၊ မိသားစုဝင်ငွေတိုးပွားပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသင်းဦး၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါအခမ်းအနားတွင် မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသင်းဦးက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များနှင့် သင်တန်းဆင်းအမှာစကားများကို ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခုလို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သင်တန်းများ ဖွင့်လှစ်သင်ကြားပေးတဲ့အတွက် တစ်ပိုင်တစ်နိုင် အိမ်တွင်းလက်မှုပညာကို အကျိုးရှိစွာ ပြန်လည်အသုံးချသွားမှာပါ။ အခုလိုမျိုး သင်တန်းတွေကိုလဲ နောက်နှစ်တွေမှာ များများဖွင့်ပေးနိုင်ပါစေ လို့ ကွင်းယားတံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာမှ သင်တန်းသူ မစုဝေဖြိုးက ပြောသည်။

 

အဆိုပါအသက်မွေးဝမ်းကျောင်း စက်ချုပ်သင်တန်းကို သင်တန်းသူ ၂၈ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ၂၆ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးကြောင်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများအား တစ်နှစ်ကို သုံးကြိမ် သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)