အိမ်မဲ ၂၉ သြဂုတ် 


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ပဒေသာမိသားစုမှ အိမ်မဲမြို့နယ်အတွင်း အိမ်ခြေ ၂၄၅၀ အား ငွေကျပ် ၁၂၈ သိန်ဖိုးရှိ ဆန်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။


အလှူရှင်ဦးတင်ဦးက ''ကွယ်လွန်သူ ဖခင်ကြီး ဦးအောင်ကြည် (၁၁)နှစ်ပြည့် အထိမ်းအမှတ်နဲ့ လိုအပ်နေတဲ့ သူတွေကို လှူဒါန်းပေးရခြင်းဖြစ်ပါတယ်။ ကိုယ်လှူနိုင်တဲ့ အတိုင်းအတာနဲ့ လှူတာဖြစ်ပါတယ်။ တစ်မြို့လုံးကိုလည်း လှူချင်ပါတယ်။ အိမ်မဲမြို့မှာ အိမ်ထောင်စုပေါင်း ၅၀ဝ၀ဝ ကျော်ရှိတဲ့အတွက် လှူနိုင်တာကတော့ ၂၀ဝ၀ ကျော်ပဲ လှူနိုင်ပါတယ်။ လှူဒါန်းမှုကိုတော့ ဌာနဆိုင်ရာတွေ အသင်းအဖွဲ့တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး နည်းနည်းပိုပြီး လိုအပ်နေတဲ့သူတွေကို လှူဒါန်းရခြင်းဖြစ်ပါတယ်။ လှူလိုက်တာက ဆန်ဖြစ်တဲ့အတွက် လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ချက်ပြုတ်စားသောက်နိုင်တယ်။ အလှူကြီးတွေလုပ်ပြီး ထမင်းကျွေးရင် တစ်နပ်ပဲ သူတို့စားရမယ်။ တကယ်တမ်း လိုအပ်နေတဲ့သူတွေက မိုးတွင်းကာလလည်းဖြစ်၊ ငွေကြေးချို့တဲဲ့့အတွက် ဆန်ဝယ်စားသုံးမှုကို လေးငါးရက်လောက် ဝယ်မစားရတော့ဘူး၊ မိသားစုနည်းရင် ဆယ်ရက်လောက်စားလို့ရပါမယ်။ လေးငါးရက်သက်သာသွားရင်လည်း မရှိတဲ့သူအဖို့မနည်းအထောက်အကူ ရပါတယ်။ နောက်ထပ်လည်း လှူဖို့စိတ်ကူးရှိပါတယ် ဒါ့ထက်ပိုလှူဒါန်းနိုင်အောင ်ကြိုးစားသွားပါမယ် '' ဟု  ပြောသည်။


အနှေးယာဉ်လုပ်သားအတွင်းရေးမှူးက ''ကျွန်တော်တို့ကို ပဒေသာမိသားစုကနေပြီးတော့ လှူဒါန်းတဲ့အတွက် အနှေးယာဉ် လုပ်သားတွေရဲ့ ကိုယ်စားကျေးဇူး အထူးတင်ရှိပါတယ်။ မိုးတွင်းကာလ ရှားပါးနေတဲ့အချိန်မှာ ဆန်တွေကို လှူဒါန်းပေးတဲ့အတွက် ပဒေသာမိသားစု ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနေနိုင်ပြီး ဒီထက်မက လှူဒါန်နိုင်ပါစေ'' ဟု ပြောသည်။


ဆက်လက်ပြီး ဆန်များကိုလှူဒါန်းရာ ဆိပ်ကမ်းသာ အလုပ်သမား(၅၇)ဦး၊ ရွှေညောင်ပင် ဆိပ်ကမ်း(၁၂)ဦး၊ ကားသေးဂိတ်(၁၁)ဦး၊ မီးသတ် (၃၀)၊ အိမ်မဲကြီးရပ်ကွက်(၅၀)ဦး၊ ထိန်ငူကျေးရွာ(၂၀ဝ)ဦး အနှေးယာဉ် ဆိုက်ကား(၃၄၀)အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး နေ့လယ် ၁၂ နာရီအချိန်တွင် ကျန်ရှိနေသော ရေသိုးညောင်ဝိုင်းကျေးရွာမှ (၉၂)ဦး၊ တကောကျေးရွာမှ(၁၆၀)ဦး၊ စာချွန်ခံရပ်ကွက် မှ (၁၈၀)ဦး၊ ပါရမီဒေါင့်ကျေးရွာမှ (၁၁၈)ဦး၊ လယ်ပေါ်ရပ်ကွက်မှ (၁၅၃)ဦး၊ ကန်ကြီးဒေါင့်ကျေးရွာမှ (၂၅၁)ဦး၊ အထက်ပိုင်ရပ်ကွက်မှ (၃၁၈)ဦးတို့အား ဆန်များကို ဆက်လက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ချစ်သက်လယ် (အိမ်မဲ)