မလှိုင် ၁၃ မေ 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နယ်မြေ(၃) အမှတ် (၃) ရပ်ကွက်တွင် သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် စက်ရေတွင်းနှင့် ရေအုတ်ကန် လှူဒါန်းခြင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကူညီပံ့ပိုးမှုဖြင့် မေတ္တာရေစင် ကျေးလက်ရေးရရှိရေးအသင်းမှ ၂၀၁၉ မေ ၁၂ ရက် နံနက် ၁၀ နာရီ အချိန်တွင် ရေအုတ်ကန်လှူဒါန်းခြင်း စက်ရေတွင်းဖွင့်ပွဲ နှင့် ရေစက်ချအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စက်ရေတွင်းအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကူညီပံ့ပိုးမှုဖြင့် "မေတ္တာရေစင်" ကျေးလက်ရေရရှိရေးအသင်းမှ လှူဒါန်းခဲ့ပြီး စက်ရေတွင်းဖွင့်ပွဲသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မိတ္ထီလာမြို့နယ် ရှမ်းတဲလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် အရာရှိစစ်သည်များ အလှူရှင်မိသားစုဝင်များ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေဒိုး နှင့် ဌာနဆိုင်ရာ အရာရှိဝန်ထမ်းများ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့် ပါတီဝင်များ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၇၀ ဦးခန့်တတ်ရောက်ဖွင့်လှစ်ခဲ့ပြီး မလှိုင်မြို့ ရွှေကျင်ဘုန်းတော်ကြီးကျောင်း၌ ရေစက်ချ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

မလှိုင်မြို့ အမှတ်(၃)ရပ်တွင် လှူဒါန်းသော စက်ရေတွင်းမှာ ပေ ၂၀ဝ အနက်ရှိပြီး ၄ လက်မ ရေမြုတ်စက်တပ်ဆင်ထားကြောင်းနှင့် လှူဒါန်းထားသောရေအုတ်ကန်မှာ ရေဂါလံ ၅၀ဝ၀ ဆန့်ပြီး အမှတ် ၃ နယ်မြေရှိ အိမ်ထောင်စု ၃၀ဝ ခန့်အား ရေလုံလောက်စွာပေးနိုင်တော့မည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်အေးထံမှ သိရသည်။

အမှတ်(၃)နယ်မြေတွင် အမှတ် (၂) (၃) (၉) (၁၂) (၁၃) ဟူ၍ နယ်မြေ ငါးခုရှိကာ စည်ပင်သာယာရေးအဖွဲ့မှပေးသောရေမှ အမှတ်(၂) (၉) နှင့် (၃) မှ တဝက်ခန့်သာရရှိပြီး အမှတ် (၁၂) (၁၃) နှင့် (၃) ရှိအိမ်ခြေ ၃၀ဝ ကျော်မှာ သောက်သုံးရေမရရှိငဖြင့် အလှူရှင်ရှာဖွေရာမှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကူညီပံ့ပိုးမှုဖြင့် မေတ္တာရေစင် ကျေးလက်ရေရရှိရေးအသင်းမှ စက်ရေတွင်း နှင့် ရေအုတ်ကန် လှူဒါန်းခြင်းကြောင့် အမှတ် (၃) ရှိ အိမ်ထောင်စု ၃၀ဝ ကျော်အားသောက်သုံးဖူလုံစွာပေးနိုင်တော့မည်ဖြစ်၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်အေးမှ ဆက်လက်ရှင်းပြသည်။

ဘိုဘို(မလှိုင်)