နေပြည်တော်၊ နိုဝင်ဘာ ၂၄

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်း စီမံချက်နှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်း၊ နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေ စာရင်းအချက်အလက်များ e-ID Sever အတွင်း ဖြည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးက မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကို ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင် ရွက်ခဲ့ပြီး ကောက်ယူရရှိသည့် အချက်အလက်များကို မြို့နယ်ရုံးများရှိ မှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်၍ ရုံးချုပ်ရှိ e-ID Sever အတွင်း စိစစ်ဖြည့်သွင်း ဆောင်ရွက်လျက်ရှိရာ တွေ့ရှိချက်များအရ ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းပမာဏများပြားနေ သည့်အတွက် ပြန်လည်စိစစ်သုံးသပ်ကာ အမှန်တကယ်အိမ်ထောင်စု စာရင်းမရှိသူများ၊ နိုင်ငံသားကတ် မရှိသေးသူများကို ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်၍ အမြန်ဆုံးဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ယင်းစာရင်းများသည် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အရေအတွက် ပမာဏများစွာရှိနေသည့်အတွက် တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျစိစစ်၍ ထိထိရောက် ရောက် ကြပ်မတ်ဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း။  

 

တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများအနေဖြင့် လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အဆင့်ဆင့် ကြပ်မတ်ကွပ်ကဲကြရန်အရေးကြီးပါကြောင်း၊ အောက်ခြေ ဝန်ထမ်းများ၏ တွေ့ကြုံရသည့် အခက်အခဲများကိုလည်း မေးမြန်းဆွေးနွေးကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြရန်နှင့် အထက်ဌာနအဆင့်ဆင့်သို့ ဆက်လက်တင်ပြကြရန်လိုကြောင်း၊ လုပ်ငန်းများ၏ အရေးပါမှုကို သိရှိနားလည်ကြပြီး အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်းရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း က တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ်ဖြည့်ဆည်း ဆောင်ရွက်ပေးမှုကိုလည်းကောင်း၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်ကတ်ပြား ထုတ်ပေးမှုများမှ အချက်အလက်များကို e-ID Server သို့ ဖြည့်သွင်း စိစစ်ဆောင်ရွက်နေမှု၊ Biographic / Biometric ကောက်ယူဆောင်ရွက်နေမှုနှင့် စက်ကိရိယာများ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရေးကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုနှင့်  တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်