နေပြည်တော် မတ် ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့်ထားဝယ်မြို့တို့၌ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ဖွင့်လှစ်ထားရှိပြီး စက်ချုပ်သင်တန်းများ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းများကို အပတ်စဉ်တစ်ခုလျှင် ရက်သတ္တခြောက်ပတ်ဖြင့် သင်ကြားပေးလျက်ရှိသည်။
ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်ရှစ်ခုကို နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများတွင် စနေ၊ တနင်္ဂနွေနေ့ အထူးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အဋ္ဌမအကြိမ် ကျောင်းအခြေပြုသင်တန်းကို ဖေဖော်ဝါရီ ၁၇ ရက်မှ မတ် ၂၈ ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၀ ကျောင်း၌ သင်တန်းသား သုံးဦး၊ သင်တန်းသူ ၂၃၆ ဦး စုစုပေါင်းသင်တန်းသား သင်တန်းသူ ၂၃၉ ဦး တက်ရောက်လျက်ရှိပြီး မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်