မန္တလေး ၁ ဇူလိုင်
၂၀၂၀ ပြည့်နှစ် မေလတွင် ကျင်းပခဲ့သည့် COVID-19 ကာကွယ်ထိန်းချုပ်ရေး အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း ချုပ်လုပ်မှု Mask ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြည်သူအနှစ်သက်ဆုံး ဒုတိယဆုနှင့် ပြည်သူ့အကျိုးပြု ပထမဆု ရရှိသူများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပေးအပ်ချီးမြှင့်ခဲ့သည်။
အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း ချုပ်လုပ်မှု Mask ပြိုင်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအနက် မန္တလေးမြို့မှ ဦးမျိုးမင်းစိုးက ပြည်သူအနှစ်သက်ဆုံး ဒုတိယဆုနှင့် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့မှ ဒေါ်ကြည်ကြည်ဝင်းက ပြည်သူ့အကျိုးပြု ပထမဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာတွင် ပြည်သူ့အကျိုးပြု ပထမဆုရရှိသူ ဒေါ်ကြည်ကြည်ဝင်းက ၎င်းပြိုင်ပွဲကို ကျင်းပပေးခြင်းနှင့် ယခုကဲ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ပေးခြင်းအတွက် ဝမ်းသာပီတိဖြစ်မိပါကြောင်း ပြောကြားခဲ့သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


