နေပြည်တော် မတ် ၁
အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA) တွင် ၂၀၂၅ ခုနှစ်၊ မတ် ၃ ရက်မှ ၆ ရက်အထိ ဖွင့်လှစ်မည့် “မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် ဆဌမအကြိမ်မြောက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း” တက်ရောက်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သင်တန်းသား (၄၀) သည် ယနေ့တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
အဆိုပါသင်တန်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ၊ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးထားသည့် မြန်မာတရားသူကြီးများနှင့် တရားရေးရေးအရာရှိများအတွက် အိန္ဒိယနိုင်ငံ တွင်သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဖွင့်လှစ်ပို့ချခြင်းဖြစ်သည်။ ဤသင်တန်းအား မြန်မာနိုင်ငံမှ သင်တန်းသားများ တက်ရောက်ခြင်းဖြင့် ဥပဒေစနစ်တူညီသည့် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့၏ တရားစီရင်ရေးစနစ်များဆိုင်ရာ အချက်အလက်များကို ဖလှယ်ရန်အခွင့်အလမ်းရရှိပြီး၊ မြန်မာနိုင်ငံမှ တရားသူကြီးများနှင့် တရားရေးအရာရှိများ၏ စွမ်းရည်မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်သည်။
သတင်းစဉ်
