မန္တလေး ၂၄ ဩဂုတ်
၂ဝ၂ဝ ပြည့်နှစ် ဩဂုတ် ၁၈ ရက်တွင် အိန္ဒိယနိုင်ငံ ဂုရုကြီးမဟတ္တမဂန္ဓီ ဂလိုဘယ် ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းက စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတအား Mahatma Gandhi Global Peace Award 2020 ဆုကို ချီးမြှင့် လိုက်ကြောင်း သိရသည်။
အဆိုပါဆုကို ချီးမြှင့်ဂုဏ်ပြုခြင်းခံရ၍ IBEC ဆရာတော်၏ တပည့်သာဝက အပေါင်းနှင့် ဒကာ ဒကာမအပေါင်းတို့က ဝမ်းမြောက်ဂုဏ်ယူကြသည်။ ဆရာတော် ကျန်းမာချမ်းသာစွာဖြင့် သာသနာ့ အကျိုး၊ နိုင်ငံ့အကျိုး၊ အများအကျိုးကို ဆက်လက်သယ်ပိုး စွမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်သည်။
IBEC ဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ သောတာပန်ရပ်တွင် IBEC (International Buddhist Education Center) အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာကို တည်ထောင်ထားပြီး ပရိယတ္တိစာသင်တိုက်၊ ဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်း၊ လူ့စွမ်းအား အရင်းအမြစ်ဌာန၊ ကျွန်းလှသီတဂူဗုဒ္ဓ တက္ကသိုလ်နှင့် စက္ခုဒါန ဆေးရုံတော်၊ အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုစင်တာ(နယ်သာလန်) ဟူ၍ ကဏ္ဍကြီး(၅)ခုဖြင့် သာသနာပြု ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း ပြည်ပ ငြိမ်းချမ်းရေးကိစ္စများကိုလည်း စွမ်းဆောင်လျက်ရှိကြောင်း IBEC သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


