ရန်ကုန် ၉ ဖေဖော်ဝါရီ
အိန္ဒိယဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် Hero Gold Cup အိန္ဒိယဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့ညနေပိုင်းက အိန္ဒိယနိုင်ငံ၌ စတင်ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်း နိုင်ပွဲရရှိခဲ့သည်။ မြန်မာအသင်းသည် နီပေါအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် အဖွင့်ပွဲတွင် အနိုင်ရခဲ့သောကြောင့် ဗိုလ်လုပွဲတက်ရောက်ခွင့် မျှော်လင့်ချက်ရှိသွားခဲ့သည်။ နိုဝင်ဘာလက ကျင်းပသည့် အိုလံပစ် အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်တွင် တွေ့ဆုံစဉ်က တစ်ဂိုးစီ သရေကျခဲ့သည့် မြန်မာအမျိုးသမီးအသင်းသည် ယခုပွဲတွင် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် နိုင်ပွဲရယူနိုင်ရန် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး အသင်းခေါင်းဆောင် ခင်မာလာထွန်းအပါအဝင် ဝင်းသိဂီထွန်း၊ ခင်မိုးဝေ၊ ခင်မိုမိုထွန်း၊ ဝေဝအောင်တို့ဖြင့် လူစုံအသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသလို နီပေါအသင်းမှာလည်း ဂိုးမပေးရရေးအတွက် ခံစစ်ဦးစားပေး ကစားခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းသည် ပထမပိုင်းပြီးခါနီးမှသာ ဂိုးစရခဲ့ပြီး ခင်မိုးဝေက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၅၄ မိနစ်တွင် ဝင်းသိဂီထွန်း၊ ၇၇ မိနစ်တွင် ခင်မိုးဝေတို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။
မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် အီရန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင် အိန္ဒိယ၊ မြန်မာ၊ အီရန်နှင့် နီပေါအသင်းတို့ ယှဉ်ပြိုင်နေပြီး ပတ်လည်စနစ်ဖြင့်ကစားကာ အမှတ်အများဆုံးနှစ်သင်း ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။
သတင်း- ညီမြတ်သော်တာ
ဓာတ်ပုံ- MFF