ကလျာမိုးမြင့် - ရေးသားသည်
အိန္ဒိယနိုင်ငံက ၎င်းတို့ပိုင် ဂြိုဟ်တုတွေထဲက တစ်လုံးကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ဖျက်ဆီးလိုက်ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာဟန်က ဂြိုဟ်တုဖျက်လက်နက်တွေကို စမ်းသပ်တာ အာကာ သထဲမှာ ညစ်ပတ်ရှုပ်ထွေးစေတယ်လို့ သတိပေးလာခဲ့ပါတယ်။
ကမ္ဘာ့လေထုအပေါ်ဘက် ကီလိုမီတာ ၃၀ဝ အကွာမှာရှိတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲက ဂြိုဟ်တုတစ်စင်းကို သိပ္ပံပညာရှင်တွေက အောင်မြင်စွာဖျက်ဆီးလိုက်နိုင်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ရုပ်မြင် သံကြားကတစ်ဆင့် ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ်မိုဒီက အိန္ဒိယ နိုင်ငံဟာ အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံတွေလိုပဲ အာကာသမှာ အင်အားကြီးတဲ့ နိုင်ငံတစ်ခုဖြစ် လာပြီလို့ ၎င်းက ပြောကြားလိုက်ပါတယ်။
လေ့လာစောင့်ကြည့်နေ
အိန္ဒိယက အာကာသထဲမှာ အပျက်အစီး အပိုင်းအစတွေ ကျန်ရစ်မနေစေဖို့အတွက် ကမ္ဘာ ပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ စမ်းသပ်မှုပြုလုပ် နေတာဖြစ်တယ်လို့ ခုခံပြောဆိုနေလင့်ကစား အမေရိကန်ကာကွယ်ရေးဝန်ကြီး ပက်ထရစ်ရှာနာ ဟန်ကတော့ အမေရိကန်ဟာ အိန္ဒိယရဲ့စမ်းသပ်မှုကို ဆက်လက်စောင့်ကြည့် လေ့လာ နေဆဲဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ASAT လို့ခေါ်တဲ့ ဂြိုဟ်တုဖျက်လက်နက်စမ်း သပ်မှုကို ဆောင်ရွက်နေတဲ့ လေးခုမြောက် နိုင်ငံဖြစ်ပါတယ်။ ၂၀ဝ၇ ခုနှစ်မှာ တရုတ်နိုင်ငံက အလားတူ စမ်းသပ်မှု တစ်ခုကို လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာက သတိပေးသံတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။ ပက်ထရစ်ရှာနာဟန် က “ကျွန်ုပ်တို့အားလုံးဟာ အာကာသထဲမှာ နေထိုင်ကြသူတွေချည်းပဲ။ ဒါကို ရှုပ်ပွညစ်ပေစေဖို့ မသင့်ဘူး။ အာကာသကြီးဟာ ကျွန်ုပ်တို့တွေ လုပ်ငန်းဆောင်ရွက်လို့ရတဲ့ နေရာတစ်ခု ဖြစ်တယ်။ လူတွေ လုပ်ငန်း ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လွတ်လပ်ခွင့်ရှိသင့်တဲ့နေရာလည်း ဖြစ်တယ်”လို့ အိန္ဒိယနိုင်ငံက စမ်းသပ်မှု ပြုလုပ်ပြီး နောက်မှာ မစ္စတာရှာနာဟန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကျွမ်းကျင်သူတွေ သံသယရှိ
ဒီလိုစမ်းသပ်မှုမျိုးတွေလုပ်တာက အရပ်သားတွေကို ထိခိုက်စေနိုင်သလို စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုစစ်ဆင်ရေး တွေကိုလည်း အနှောင့် အယှက်ဖြစ်စေနိုင်တယ်။ ဒါပေမယ့် အိန္ဒိယက လေထုထဲမှာ ၎င်းရဲ့ မစ်ရှင်ရှာကတီ လို့ခေါ်တဲ့ စမ်းသပ်မှုကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေ တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတချို့က တော့ ဒီကိစ္စအပေါ်မှာ သံသယရှိနေပြီး အပျက်အစီးတွေရှိတဲ့ လမ်းကြောင်းကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ အမေရိ ကန်စစ်ဘက်ဆိုင်ရာက အိန္ဒိယနိုင်ငံရဲ့ စမ်းသပ်မှုကနေ ပေါ်ထွက်လာတဲ့ အပိုင်းအစ ၂၅၀ ကျော် လောက်ကို စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်နေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။
နာဆာ သတိပေးချက်ထုတ်ပြန်
တရုတ်နိုင်ငံက ၂၀ဝ၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ အသုံးမဝင်တော့တဲ့ မိုးလေဝသ ဂြိုဟ်တုတစ်လုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ကမ္ဘာပတ်လမ်း ကြောင်းပေါ်မှာ ကြီးမားတဲ့ အပျက်အစီးအစုအဝေး တစ်ခု ကျန်ရှိစေခဲ့ပါတယ်။ ဒီအစုအဝေးက အာကာသထဲမှာ ဂြိုဟ်တုအပါအဝင် တခြားသော အရာတွေနဲ့ တိုက်မိစေနိုင်ပါတယ်။ အိန္ဒိယ နိုင်ငံက ဂြိုဟ်တုဖျက်စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက်မှာ အပျက်အစီးတွေကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး နာဆာကလည်း သတိပေးချက် ထုတ်ပြန်လာခဲ့ပါတယ်။
အာကာသဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်နေ
လူတချို့က ဂြိုဟ်တုကို ဖျက်နိုင်စွမ်းရှိတဲ့ လက်နက်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စမ်းသပ်လိုကြပြီး လမ်းကြောင်းပေါ်မှာ အပျက်အစီးတွေနဲ့ ရှုပ်ပွအောင်လုပ်နေကြတယ်။ ဒါက ယနေ့ ကျွန်ုပ်တို့ ကိုင်တွယ် ဖြေရှင်းနေကြရတဲ့ ပြဿနာတစ်ခုပဲလို့ အမေရိကန်အာကာသအေဂျင်စီ အကြီးအကဲ ဂျင်ဘရီဒန်စတင်းက ဗုဒ္ဓဟူးနေ့မှာ ကွန်ဂရက်သို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ဒီလိုပဲ အလားတူ နိုင်ငံတွေဟာ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြတဲ့ အပျက်အစီး အရှုပ်အထွေးတွေကြောင့် အာကာသ အခြေအနေဆိုင်ရာနဲ့ ပတ်သက်ပြီး သတိပြုမိတာ တွေအတွက် ကျွန်ုပ်တို့ဆီကို လာကြတယ်လို့ ၎င်းက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာဆိုရင် ၎င်းရဲ့ ဂြိုဟ်တုဖျက်လက်နက်စမ်းသပ်မှုကို ၁၉၅၉ ခုနှစ်မှာ လုပ်ဆောင်ခဲ့ပါတယ်။
ငြိမ်းချမ်းသော စမ်းသပ်မှုလို့ဆို
မတ် ၂၇ ရက်က ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ ပြောကြားခဲ့တဲ့ နိုင်ငံတော်အခြေပြုမိန့်ခွန်းတစ်ရပ်မှာ အိန္ဒိယ ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ASAT စမ်းသပ်မှုပြုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာလုံး ဆိုင်ရာ အာကာသအင်အားကြီး နိုင်ငံတစ်ခုအဖြစ် ထူထောင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ မိုဒီက ပြောကြားခဲ့ပါတယ်။ လက်နက်ထိန်းချုပ်ရေး ထောက်ခံသူတွေက အာကာသထဲမှာ စစ်ပုံသွင်းမှု တိုးမြင့်လာတာနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ဖော်ပြမှုတွေရှိနေချိန် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးကတော့ ဒီစမ်းသပ်မှုကို ငြိမ်းချမ်းတဲ့ အရာတစ်ခု အဖြစ် ဖော်ပြထားတဲ့အပြင် အိန္ဒိယဟာ အာကာသအပြင်ဘက်မှာ လက်နက်ယှဉ်ပြိုင်မှု တစ်ခုဆီ ဝင် ရောက်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ရွေးကောက်ပွဲကော်မရှင် စုံစမ်းစစ်ဆေးမည်
ဒီကြေညာချက်က အတိုက်အခံပါတီတွေကို ဒေါသထွက်စေခဲ့ပြီး ၎င်းတို့က မစ္စတာမိုဒီဟာ ရွေးကောက်ပွဲ ဆိုင်ရာ စွန့်စားတဲ့ စတန့်ထွင်မှုတစ်ခု အဖြစ် ဒီစမ်းသပ်မှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲလျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ လာမယ့်ဧပြီ လ ၁၁ ရက်မှာ ပြည်လုံးကျွတ်ရွေးကောက်ပွဲတွေ အတွက် မဲစပေးကြတော့မှာ ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က မစ္စတာမိုဒီဟာ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခြင်း ရှိ မရှိ ဆိုတာကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
လက်လွှတ်ဆုံးရှုံး
နိုင်ဝန်ကြီးချုပ် မိုဒီက မတ် ၂၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုဟာ နိုင်ငံတကာစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာ မရှိခဲ့သလို နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်မိုဒီနဲ့ ၎င်းကို ထောက်ခံသူ တွေက ဒီဖြစ်ရပ်ကို သူမတူတဲ့ အောင်မြင်မှုတစ်ခုလိုမျိုး ကြွေးကြော်နေပေမယ့် အခု လုပ်ဆောင်လိုက်တဲ့ စမ်းသပ်မှုက အာကာသဆိုင်ရာ စစ်မက်ဖြစ်ပွားစေမယ့် တင်းမာမှုတွေဆီ ဦးတည်နေပြီး လူသားမျိုးနွယ်တွေအနေနဲ့ ကမ္ဘာနဲ့ အနီးအနားမှာရှိတဲ့ အာကာသရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီ ရောက်ရှိနိုင်ခွင့် လက်လွှတ်ဆုံးရှုံးရနိုင်တယ်လို့ ကျွမ်းကျင်သူတချို့က ဝေဖန်သုံးသပ်ခဲ့ကြပါတယ်။
အန္တရာယ်ရှိနိုင်
ဂြိုဟ်တုကိုဖျက်ဆီးခြင်းဟာ အပျက်အစီး အပိုင်းအစတွေကို ဖြစ်ပေါ်စေပြီး အဲဒီအပိုင်းအစတွေဟာ အခုဆိုရင် အာကာသထဲမှာ လွင့်မျောနေတယ်။ ဒီအပိုင်းအစတွေဟာ တိုက်မိတာတွေကြောင့် ထိခိုက် ပျက်စီး စေနိုင်ပြီး တခြားသော အာကာသ ယာဉ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်။ အပျက်အစီးအပိုင်းအစတွေ ကြောင့် အန္တရာယ်ဖြစ်လာနိုင် တာဟာ တန်ဖိုးကြီးတဲ့ ဂြိုဟ်တုတွေချည်း မဟုတ်ပါဘူး။
အခုဆိုရင် ကမ္ဘာမြေနဲ့ မိုင်ပေါင်း ၂၅၀ ခန့် ဝေးကွာတဲ့ နိုင်ငံတကာအာကာသစခန်းမှာ အမှုထမ်းခြောက်ဦးတို့ နေထိုင်နေကြပါတယ်။ အဲဒီ အကွာအဝေးဟာဆိုရင် အိန္ဒိယနိုင်ငံက အခုစမ်းသပ်မှုပြုလုပ်ခဲ့တဲ့ ကမ္ဘာ့လေထု အပေါ်ဘက် ၁၈၅ မိုင် အကွာအဝေးထက် ၆၅ မိုင်ခန့် ပိုပြီး မြင့်ပါတယ်။ သို့သော်လည်းပဲ ဘာပဲဖြစ်ဖြစ် အချို့သော အပျက် အစီးအစိတ်အပိုင်းတွေဟာ ပိုမြင့်တဲ့ ဂြိုဟ်ပတ်လမ်းကြောင်းတွေဆီ ရောက်ရှိသွား နိုင်သလို အာကာသ စခန်းတွေကိုလည်း အန္တရာယ်ရှိလာစေနိုင်တယ်လို့ ဒီကိစ္စကို လေ့လာစောင့်ကြည့်နေ သူတွေက သုံး သပ်ပြောဆိုခဲ့ကြပါတယ်။
အာကာသထဲမှာ ပွတ်တိုက်မှုဖြစ်သွားတဲ့အခါတိုင်း အပျက်အစီးအစုအဝေးတစ်ခု ဖြစ်လာစေပြီး အဲဒီအပိုင်း အစတစ်ခုချင်းစီဟာ တစ်နာရီမှာ မိုင် ပေါင်း ၁၇၅၀ဝ ခန့် ရွေ့လျားနေပါတယ်။ ဒီအရှိန်နှုန်းဟာ ကမ္ဘာပတ်လမ်း ကြောင်းအနိမ့်ပိုင်းမှာ ဂြိုဟ်တု တစ်လုံးဆက်လက်ရှိနေဖို့ လိုအပ်တဲ့အရှိန်နှုန်းဖြစ်ပြီး သေနတ်တစ်လက်ကနေ ပစ်လိုက်တဲ့ ကျည်ဆန်ရဲ့ ဆယ်ဆမက မြန်တယ်လို့ သိရပါတယ်။ ဒီတော့ အိန္ဒိယ နိုင်ငံက လုပ်ဆောင်လိုက်တဲ့ ဂြိုဟ်တုဖျက် စမ်းသပ်မှုကြောင့် ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တခြား သောအဖွဲ့အစည်းတချို့က သတိထား စောင့်ကြည့် လျက်ရှိနေပါတယ်။ ။
ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ