နေပြည်တော် ၂၁ ဩဂုတ်
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ၏ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွင် (၁၃)ခုမြောက် ကာကွယ်ဆေးအဖြစ် “သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ပေးသည့် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး” ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်တွင် စတင် ထည့်သွင်းထိုးနှံ နိုင်တော့မည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ကမ္ဘာပေါ်တွင် (၁၀၈)နိုင်ငံမြောက်အဖြစ် အိတ်ချ်ပီဗီကာကွယ်ဆေးကို ထည့်သွင်းထိုးနှံနိုင်ရန် ထောက်ပံ့ကူညီမှုပေးခဲ့သော Gavi, the vaccine alliance အဖွဲ့ကို ကျေးဇူးတင်ပါ ကြောင်း၊ Gavi အဖွဲ့သည် ယခု အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွင် သာမက မြန်မာနိုင်ငံ ၏ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်နှင့်ပတ်သက်သော လုပ်ငန်းအမျိုးမျိုးတွင် အဓိက ကူညီ နေသည့်အဖွဲ့ ဖြစ်ပါကြောင်း။
အိတ်ချ်ပီဗီ ကာကွယ်ဆေးထိုးနှံရန်အတွက် နည်းပညာဆိုင်ရာ အကြံပြုချက်များ ပံ့ပိုးပေးအပ်ခဲ့သော အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့(NITAG)ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အိတ်ချ်ပီဗီကာကွယ်ဆေး တစ်ကြိမ်စာအတွက် အမေရိကန် ဒေါ်လာ (၄ ဒသမ ၅) ဒေါ်လာ ကုန်ကျပြီး (၂)ကြိမ်ထိုးနှံရမည်ဖြစ်သည့်အတွက် မိန်းကလေးငယ်တစ်ဦးအတွက် (၉)ဒေါ်လာ ကုန်ကျပါ ကြောင်း၊ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၏ အမျိုးသမီးများတွင်ဖြစ်ပွားသော ကင်ဆာ အမျိုးအစားအားလုံး၏ (၂၃ ဒသမ ၅)ရာခိုင်နှုန်းရှိပြီး အသက်(၁၅)နှစ်မှ (၄၉)နှစ် အမျိုးသမီး များတွင် အဖြစ်အများဆုံး ဖြစ်ပါကြောင်း၊ ယခု အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်း၍ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ်ရှိ မိန်းကလေးများကို ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ရည်မှန်း မိန်းကလေးငယ်ဦးရေ (၄၆၄,၀၀၀) ကျော် ရှိပါကြောင်း၊ အသက် (၉)နှစ်မှ (၁၀)နှစ် အတွင်း အိတ်ချ်ပီဗီပိုး စတင်ကူးစက်နိုင်သည့် အခွင့်အလမ်းမရှိမီအချိန်တွင် ကာကွယ်ဆေးထိုးပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာ ကာကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် ယခုထိုးနှံပေးမည့် အိတ်ချ်ပီဗီကာကွယ်ဆေးသည် အိတ်ချ်ပီဗီ ဗိုင်းရပ်စ်ပိုးအမျိုးအစား (၄)မျိုးကို ကာကွယ်ပေးနိုင်သော လေးမျိုးစပ်ကာကွယ်ဆေးဖြစ် သည့်အပြင် ထိရောက်၍ ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးသည် ကာကွယ်ဆေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုး များ၏ အများစုသည် မည်သည့်အမျိုးအစားများဖြစ်ကြောင်းကိုလည်း အသုံးချသုတေသနပြုလုပ် လေ့လာ သွားရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး နိယာမသဘောတရားတွင် ပဏာမအဆင့် ကာကွယ်ခြင်း၊ ဒုတိယအဆင့် ကာကွယ်ခြင်းနှင့် တတိယအဆင့် ကာကွယ်ခြင်းဟူ၍ အဆင့် (၃)ဆင့် ရှိပြီး ပဏာမအဆင့် ကာကွယ်ခြင်းသည် အထူးအရေးကြီးပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ အားလုံးတွင် အိတ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းတွင် ထည့်သွင်းထိုးနှံနိုင်ခြင်းမရှိသေးသည့် အခြေအနေ၌ မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ထိုးနှံရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ရောဂါမဖြစ်ပွားမီ အသက်ငယ်ရွယ်စဉ်ကာလ၌ ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် ပဏာမအဆင့် ကာကွယ်ခြင်းဖြစ်ပြီး အထိရောက်ဆုံးဖြစ်ပါကြောင်း။
မိမိတို့ ယခုအစိုးရလက်ထက်တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်၌ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး(ပီစီဗီ)၊ ဂျပန်ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး(ရိုတာ)နှင့် စက်တင်ဘာလတွင် စတင်ထိုးနှံမည့် သားအိမ်ခေါင်း ကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးအသစ် (၄)မျိုးကို ထည့်သွင်းထိုးနှံ တိုက်ကျွေးနိုင်ခဲ့ပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး အသိပညာပေးခြင်း၊ အာဟာရဖွံ့ဖြိုးမှု၊ မျိုးဆက်ပွားကျန်းမာရေး စသည့် လုပ်ငန်းများကိုလည်း ပေါင်းစပ်တွဲဖက်ဆောင်ရွက်သွားပါက ပိုမိုအကျိုးရှိမည်ဖြစ်ပါကြောင်း၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများအနေဖြင့် ကာကွယ်ဆေးများ အာနိသင်အပြည့်အဝ ရှိရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အအေးလမ်းကြောင်း သိုလှောင်ထားရှိ ထိုးနှံနိုင်ရေး၊ ခက်ခဲဒေသ အပါအဝင် နေရာဒေသအားလုံးမှ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးများအားလုံး ရရှိထိုးနှံပေး နိုင်ရေးအတွက် ဘက်စုံထောင့်စုံမှ သုံးသပ်ကာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၏ ဦးဆောင်မှုဖြင့် ဒေသအခြေအနေနှင့် ကိုက်ညီစွာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ UNICEF အဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Ms. June Kunugi က ယခုကဲ့သို့ ကုန်ကျစရိတ်ကြီးသော အိတ်ချ်ပီဗီကာကွယ်ဆေးကို မြန်မာနိုင်ငံတွင် ထိုးနှံ ပေးရန်အတွက် ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံအစိုးရနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အား ချီးကျူးဂုဏ်ပြုပါကြောင်း၊ အိတ်ချ်ပီဗီ ကာကွယ်ဆေးထိုးနှံပေးခြင်း မြန်မာနိုင်ငံ၏ အမျိုးသမီးများတွင် ပိုမိုလှပကျန်းမာသော အနာဂတ်များကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းတို့က အိတ်ချ်ပီဗီ ကာကွယ်ဆေးထိုးနှံရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အသိပေးဆွေးနွေးပွဲသို့ အစည်းအဝေးခန်းမမှ သော်လည်းကောင်း၊ Video conferencing ဖြင့်သော်လည်းကောင်း တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ နှီးနွှယ်ဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေး မေးမြန်းကြသည်။
အိတ်ချ်ပီဗီကာကွယ်ဆေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် တွင်ထည့်သွင်း၍ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်ကာ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ အသက် (၉)နှစ်မှ (၁၀)အထိ မိန်းကလေးငယ်တိုင်းအား တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြားပြီး (၂)ကြိမ် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)