မန္တလေး ၂ ဇွန်
မြေအိုးလုပ်ရန်အတွက် လိုအပ်သည့်မြေနီ မရရှိပါက ရေရှည်တွင် အိုးလုပ်ငန်းတိမ်ကော သွားနိုင်တော့မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့ အိုးဘိုရပ်ရှိ မိရိုးဖလာ အိုးလုပ်ငန်းလုပ်ကိုင်သူ ကိုလက်က ပြောသည်။
စစ်ကိုင်းမြို့ အိုးဘိုရပ်သည် မြေအိုးများလုပ်ကိုင်သည့် နေရာဖြစ်သည်။ အိုးတစ်လုံးရရှိရန်အတွက် အဆင့်ဆင့်လုပ်ရသည်။ ပထမဦးစွာ မြေနီအစေးနှင့် မြေနက်ကို အမှုန့်ဖြစ်အောင်ပြုလုပ်ကာ အချိုးကျ ရောစပ်ရသည်။ သမအောင်မွှေကြရသည်။ အိုးတစ်လုံးစာ ရွှံ့စေးတောင့်များ ဖြစ်အောင်လုပ်ကာ အိုးထိန်းစက်ဖြင့် အိုးပုံကြမ်းဖော်ကြရသည်။ လက်နှင့်ပြုလုပ်ကြသော်လည်း ကျွမ်းကျင်မှု အတတ်ပညာများကြောင့် အိုးပုံစံများမှာ တစ်ရွယ်တည်း ရရှိကြလေသည်။ ထိုအဆင့်များသည် အိုးပုံကြမ်းများသာဖြစ်သည်။ ရရှိသော အိုးကြမ်းကို အရိပ်ထဲမှာထားကာ အိုး၏အောက်ခြေ ဖွေးလာပါက နှစ်ရက်သုံးရက်ခန့် နေလှမ်းကြရသည်။ အိုးငါးရာဝန်းကျင်ခန့် စုဆောင်းကာ ထင်း၊ ကောက်ရိုးများကို အသုံးပြု၍ မီးဖုတ်ကြသည်။ မီးဖုတ်ပြီးပါက ဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်သည်။ ထိုအဆင့်များသည် ယေဘုယျအဆင့်များသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်မှုများတွင် အသေးစိတ်လွန်းလှသည်။
“အဖေအသက် ၈ဝ ရှိပြီး ငယ်ငယ်ထဲက လုပ်စားလာတဲ့ မိရိုးဖလာလုပ်ငန်းတစ်ခုအဖြစ် လုပ်လာတာ၊ အခုနောက်ပိုင်း အရင်က မြေနီရတဲ့နေရာတွေက အခုမရတော့ဘူး။ အရင်စစ်ကိုင်းအိုးခေတ် ကောင်းတုန်းကဆို အိုး ၇၀ဝ ဖုတ်ရင် အိုကျ(အိုးကွဲ)တာက ၅၀ လောက်ပဲရှိတယ်။ နည်းနည်းပဲကွဲတယ်၊ အခုအဲဒီနေရာတွေက ပိုင်ရှင်တွေရှိလာပြီး”ဟု အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်တင်မိုးလှိုင်က ပြောသည်။
“အခုနောက်ပိုင်း အိုးလုပ်လို့ရတဲ့ ကျောက်ပန်းနံ၊ ကံကြီးကုန်းကမြေတွေကို ကားတစ်စီး ၂၈၀ဝဝ အဲဒီမြေတွေက မြေဖွဲ့စည်းပုံကြမ်းတယ်၊ အိုး ၇၀ဝ ဖုတ်ရင် ၂၀ဝ လောက်ပဲကျန်တယ်၊ ၃၀ဝ လောက်ကကွဲကုန်တယ်၊ မြေမမှန်တော့ အိမ်ခြေအများစုက အိုးမလုပ်ကြတော့ဘူး၊ အခြားလုပ်ငန်းတွေကို ပြောင်းပြီး လုပ်လာကြပြီ၊ နောက်ပိုင်းဆိုရင်တော့ တကယ့်ကို ပျောက်ကွယ်သွားနိုင် နေပါပြီ။ အိုးလုပ်လို့ကောင်းတဲ့ မြေတွေကတော့ ပါရမီရပ်ကွက်၊ ခိုတောင်၊ ချောင်းပေါက် ရွာဘက်ကမြေတွေက မြေမှန်တယ်သုံးရတာ အဆင်ပြေတယ်၊ အခုတော့ ဝယ်လို့မရတော့ဘူး၊ အခြားမြေတွေ ဝယ်သုံးတော့ အိုးကွဲတာများလာတယ်။ ထက်ဝက်ကျော်လောက်က မီးဖုတ်လိုက်ရင် အိုးတွေကွဲကုန်တော့ သုံးမရတော့ဘူး၊ ဒါကြောင့်လုပ်ကိုင်သူ နည်းပါးလာတာ” ဟု ၎င်းက ဆက်လက်ပြောပြသည်။
“မန္တလေး၊ ကူမဲ၊ ကျောက်ဆည်၊ မြစ်သားဘက်ကို ပို့ရတယ်၊ အိုးသူကြီး အိုးပိုင်ရှင်ဆီက ဝယ်တယ်၊ တစ်နှစ်ကို အိုး ၅၅ဝ ပါတဲ့ကား အစီး ၃၀ လောက်ပို့ရတယ်၊ အခုနောက်ပိုင်း မရတော့ဘူး၊ တစ်ခါတစ်ခါ အိုးမရလို့ အိုး ၂၅၀ လောက်ကို ကားလေးနဲ့ သွားပို့ရတယ်၊ အခုနောက်ပိုင်း အိုးလုပ်တဲ့သူနည်းလာတော့ တစ်အိမ်ကို ၇ဝ ထွက်တဲ့သူထွက်တယ်၊ ၆ဝ ထွက်တဲ့သူထွက်တယ်၊ အိုးလုပ်တဲ့အိမ်တွေက အိုးတွေကို နည်းနည်းချင်းစုပြီး ၅ဝဝ လောက်ဆို ဖုတ်တယ်၊ သိပ်ပြီး မလုပ်ကြတော့ တစ်ခါတစ်ခါ နယ်တွေပို့စရာတောင် မရှိဘူး”ဟု အိုးပွဲစား တစ်ဦးကပြောသည်။
စစ်ကိုင်းမြို့ အိုဘိုရပ်ကွက်အတွင်း နေထိုင်သူအများစုသည် မြေသောက်ရေအိုးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ အခြားသောမြေအိုးများလည်း လုပ်ကြသည်။ အိုးလုပ်ငန်းတစ်ခုအတွက် မြေရောင်းချသူ၊ အိုးလုပ်သူ၊ အိုးဖုတ်သူ၊ အိုးသယ်သူ၊ အိုးသူကြီးနှင့် အိုးပွဲစားများ စသည်ဖြင့် အလုပ်အကိုင်အခွင့်အလမ်း များစွာရှိနေခဲ့သည်။ တိမ်မြုပ်သွားပါက ၎င်းတို့၏အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလာမည်ဖြစ်သည်။ အိုးလုပ်ရန်သင့်လျော်သည့် မြေရရှိရန်မျှော်လင့်နေကြပြီး မျှော်လင့်ချက်များ ပြည့်လာပါက စစ်ကိုင်းမြို့၏ အိုးလုပ်ငန်းသည် ယခင်ကဲ့သို့ ရှင်သန်လာနိုင်သော်လည်း လက်ရှိအခြေအနေအတိုင်းသာ ဖြစ်နေပါက တဖြည်းဖြည်း တိမ်မြုပ်လာတော့မည်ဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
စစ်ကိုင်းမြို့မှ ထွက်ရှိသော မြေသောက်ရေအိုးသည် နာမည်ကြီးသည်။ စစ်ကိုင်းအိုးသည် အေးသည်။ အခြားအိုးများကဲ့သို့ ခြောက်မသွား၊ အိုးသည် အမြဲစိုနေသည် ထိုအချက်များကြောင့် လူကြိုက်များလျက်ရှိသည်။
ဝေဖြိုးအောင်


