လန်ဒန် ဇန်နဝါရီ ၄
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဗြိတိန်နှင့် ပြင်သစ်လေတပ်တို့သည် ဆီးရီးယားရှိ အိုင်အက်စ်အုပ်စု အသုံးပြုခဲ့သည့် လက်နက်သိုလှောင်ရေးမြေအောက်အဆောက်အအုံဟု သံသယရှိသောနေရာကို ဇန်နဝါရီ ၃ ရက်တွင် ဗုံးကြဲတိုက်ခိုက်သည့် ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဗြိတိန်တော်ဝင်လေတပ်မှ လေယာဉ်သည် ပယ်မိုင်ရာမြို့နှင့် မိုင်ပေါင်းအနည်းငယ်အကွာရှိ တောင်တန်းနေရာတွင် မြေအောက်အဆောက်အအုံတစ်ခုကို ထောက်လှမ်းမိခဲ့သည်ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအဆောက်အအုံမှာ လက်နက်များနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများသိုလှောင်ရာနေရာ ဖြစ်နိုင်ခြေရှိသည်ဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။ ဗြိတိန်လေတပ်သည် အဆိုပါစခန်းသို့ဝင်ရောက်နိုင်သော ဥမင်လိုဏ်ခေါင်းများစွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ကနဦးအခြေအနေများအရ ပစ်မှတ်ကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု ကြေညာချက်တွင် ပါဝင်သည်။
အဆိုပါမြေအောက်အဆောက်အအုံရှိရာ ပတ်ဝန်းကျင်ဒေသမှာ အရပ်သားများ သွားလာမှုလုံးဝမရှိသည့်နေရာဖြစ်ပြီး လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်မှုမရှိကြောင်း ကြေညာချက်တွင် ပါဝင်သည်။
ဆင်ဟွာ


