လန်ဒန်  ဇန်နဝါရီ  ၄

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်အရ ဗြိတိန်နှင့် ပြင်သစ်လေတပ်တို့သည် ဆီးရီးယားရှိ  အိုင်အက်စ်အုပ်စု အသုံးပြုခဲ့သည့်  လက်နက်သိုလှောင်ရေးမြေအောက်အဆောက်အအုံဟု  သံသယရှိသောနေရာကို ဇန်နဝါရီ ၃ ရက်တွင်  ဗုံးကြဲတိုက်ခိုက်သည့် ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဗြိတိန်တော်ဝင်လေတပ်မှ လေယာဉ်သည် ပယ်မိုင်ရာမြို့နှင့် မိုင်ပေါင်းအနည်းငယ်အကွာရှိ  တောင်တန်းနေရာတွင် မြေအောက်အဆောက်အအုံတစ်ခုကို ထောက်လှမ်းမိခဲ့သည်ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ   ၃   ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအဆောက်အအုံမှာ လက်နက်များနှင့်  ပေါက်ကွဲစေတတ်သော ပစ္စည်းများသိုလှောင်ရာနေရာ ဖြစ်နိုင်ခြေရှိသည်ဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။ ဗြိတိန်လေတပ်သည် အဆိုပါစခန်းသို့ဝင်ရောက်နိုင်သော ဥမင်လိုဏ်ခေါင်းများစွာကို  ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ကနဦးအခြေအနေများအရ ပစ်မှတ်ကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု  ကြေညာချက်တွင် ပါဝင်သည်။ 

အဆိုပါမြေအောက်အဆောက်အအုံရှိရာ ပတ်ဝန်းကျင်ဒေသမှာ အရပ်သားများ  သွားလာမှုလုံးဝမရှိသည့်နေရာဖြစ်ပြီး လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်မှုမရှိကြောင်းကြေညာချက်တွင် ပါဝင်သည်။   

ဆင်ဟွာ