တံတားဦး  ၃၀   ဩဂုတ် 


မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြီး အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာပေး သင်တန်းဆင်းပွဲကို ယနေ့နေ့လယ်(၁)နာရီက ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲကို တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်တို့က အမှာစကားအသီးသီး ပြောကြားကြသည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သင်းက သင်တန်းဆင်းပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါ ကြောင်း၊ ဒါ့အပြင်ယနေ့သင်ကြားပေးခဲ့သည့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာဟာ  မိမိတို့အိမ်မှာဘေးအန္တရာယ်ကင်းဝေးပြီး လျှပ်စစ်သွယ်တန်းနိုင်ခြင်း၊ ကျေးရွာမီးလင်းရေး လုပ်ငန်းမှာလည်း ပါဝင်ကူညီဆောင်ရွက်ပေးပြီးအခြားလူငယ်များကိုလည်း ဆင့်ပွါးပို့ချပေးလိုကြောင်း၊ ဒါ့အပြင် မိမိတို့ရဲ့ ရပ်/ရွာအကျိုးကို မိမိတက်မြောက်ထားသည့် လျှပ်စစ်ပညာဖြင့် ဝိုင်းဝန်းဆောင်ပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိများကို ဆုများပေးအပ်ပြီး တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆင်လက်မှတ်များ ကိုပေးအပ်သည်။ အဆိုပါသင်တန်းသို့ တံတားဦးမြို့နယ်အတွင်းရှိ လူငယ်လူရွယ် (၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလကို ဩဂုတ်လ(၁၆)ရက်နေ့မှ ယနေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သင်တန်းနည်းပြတစ်ဦးထံမှ သိရှိရသည်။


ရဲတင့်