ရေနံချောင်း  ၇   ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ  ရွေး ကောက်ပွဲကြီးတွင် ပြည့်စုံတိကျသည့် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေငြာနိုင်ရန် လူဦးရေစာရင်း ကောက်ယူခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းဆင့်ပွားသင်တန်းကို ဇူလိုင် ၇ ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောက ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီးတွင် နိုင်ငံသားတိုင်း ပါဝင်မဲပေးနိုင်ရန် လူဦးရေးစာရင်းအချက်အလက်များ ကောက်ယူခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ပြုစုနိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ရွေးကောက်ပွဲကျင်းပရာ တွင် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်နှင့် ကိုယ်တိုင်ပါဝင်မဲရွေးချယ်ခံ ခွင့်ရှိကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါဝင်ရန်အရေးကြီးသလို မဲပေးပိုင်ခွင့်မရှိသူများလည်း မဲစားရင်းတွင်မပါဝင်ရန်အရေးကြီးကြောင်း၊ ပြည့်စုံတိကျသည့် မဲဆန္ဒရှင်စာရင်းများ ထုန်ပြန်ကြေငြာနိုင်ရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ လူဦးရေစာရင်းအချက်အလက်များ ကောက်ယူခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းဆင့်ပွားသင်တန်းတွင် မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုတို့မှ ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ စုစုပေါင်း ၁၁၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကိုစိုးကြီး