သထုံ ၂၉  သြဂုတ် 

 

သထုံမြိုနယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးဖွင့်လှစ်သော အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း ဆိုင်ရာသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

သင်တန်းတွင် သထုံမြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဒေါ်ခင်သန်းနွဲ့က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ သထုံမြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မင်းဦးက အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်လွင်က အခြေခံလူဦးရေစာရင်း အချက်အလက်ကောက်ယူခြင်းဆိုင်ရာ ကိစ္စကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကိုစိုးက ရွှေ့ပြောင်းလုပ်သားများ(ယာယီ ရွှေ့ပြောင်း၊ သာမန် ရွှေ့ပြောင်း)နှင့်ပတ်သက်သော ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့သည်။

 

အဆိုပါသင်တန်းသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဇော်၊ ခရိုင်\မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်\ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်(၁၂၈)ဦး တက်ရောက်ခဲ့ကြသည်။

 

(သထုံခရိုင်ပြန်/ဆက်)