ရန်ကုန်  ဒီဇင်ဘာ  ၂၂

 

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှုးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်းများကို နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်နှင့် စည်းကမ်းပိုမိုကောင်းမွန်လာစေရန်၊ အခြေခံပညာနှင့် စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီးစည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက် စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော သင်ကြားနည်းစနစ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန် နှင့် ပါတီနိုင်ငံရေးကင်းရှင်းပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ရိုးသားကြိုးစားထမ်း ဆောင်ကာ မိမိအလုပ် အပေါ် ချစ်ခင်မြတ်နိုး တန်ဖိုးထားကြရန် တိုက်တွန်း မှာကြားသည်။

 

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၃)သို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၈၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တ ()ပတ်ကြာမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)