နေပြည်တော် ၂၉ သြဂုတ်
အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ထုတ် ပေးရေးနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် ပြည်သူများကို အသိပေးလိုသည့် အတွက် သတင်းစာရှင်းလင်းပွဲကို ကျင်းပခြင်းဖြစ်ပြီး အခြားသိရှိလိုသည့် အကြောင်း အရာများကို သတင်းမီဒီယာများအနေဖြင့် မေးမြန်းနိုင်ပါကြောင်း၊
ထို့ပြင် တိုင်းရင်း ဘာသာသင် အကူဆရာများ (Teaching Assistant -TA) နှင့် တိုင်းရင်းဘာသာသင် ဆရာများ (Language Teacher - LT)ခန့်အပ်ရေးအတွက် ပညာရေးဝန်ကြီးဌာန စီမံ ခန့်ခွဲမှုကော်မတီ၏ အတည်ပြုချက်ရယူပြီးသည်ကို ယခုရှင်းလင်းပွဲ၌ ထုတ်ပြန်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း က အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate)၏ အဓိပ္ပာယ်၊ ထုတ်ပေးရသည့်ရည်ရွယ်ချက်၊ လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် အခြေခံစံသတ်မှတ်ချက်များ၊ လက်မှတ်ထုတ်ပေး မည့်အစီအစဉ်၊ ပေါင်းကူးသင်ယူခွင့်ရရှိနိုင်မည့် လမ်းကြောင်းများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းမီဒီယာသမားများက အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေ အနေ၊ အခြေခံပညာရေးနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်း က ပြန်လည်ရှင်းလင်းဖြေကြားသည်။
သတင်းစဉ်


