တောင်ငူ ၂၉ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ သောက်သုံးရေအဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် အဲယားကွန်ပရေဆာရေစက်နှင့် လီတာ ၆၀ဝ ဆံ့ စတီးသောက်ရေအိုး ပေးအပ်လှူဒါန်းပွဲကို ဇွန် ၂၉ ရက်၊ နံနက် ၇ နာရီက အဆိုပါ အမှတ်(၁၀)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ရာ တောင်ငူမြို့၊ သင်္ဘောဦးကျောင်းတိုက်မှ စာချဆရာတော် ဦးပုညဝရ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီခိုင်နှင့် တောင်ငူခရိုင်ပညာရေးမှူး ဦးကိုကိုဦး(စီမံ)တို့က လှူဒါန်းပွဲအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသူများက နမ္မောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး တောင်ငူမြို့၊ သင်္ဘောဦးကျောင်းတိုက်မှ စာချဆရာတော် ဦးပုညဝရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပင့်သံဃာ ဆရာတော်ကြီးများက အန္တရာယ်ကင်း မေတ္တာသုတ် ပရိတ်တရားများ ရွတ်ဖတ်ပွားများခဲ့ကြသည်။ ထို့နောက် စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရန်အတွက် အဲယားကွန်ပရေဆာနှင့် လီတာ ၆၀ဝ ဆံ့ စတီးသောက်ရေအိုး လှူဒါန်းရခြင်းနှင့် စပ်လျဉ်းပြီး အလှူရှင် ပါရမီပုညရှင် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ဆွေးနွေးပြောကြားရာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီခိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ယင်းနောက် အလှူရှင် ပါရမီပုညရှင် ပရဟိတအသင်းမှ အသင်းသား၊ အသင်းသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီခိုင်နှင့် ဆရာ၊ ဆရာများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းဖွံဖြိုးရေးအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ဒေသခံပြည်သူများက ဆရာတော် ဦးပုညဝရ ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချတရား နာကြားကာ အမျှအတန်းများ ပေးဝေခဲ့ကြသည်။
ယခင်က တောင်ငူမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းခွဲတွင် သန့်ရှင်းသော သောက်သုံးရေ သိုလှောင်နိုင်မည့် စတီးသောက်ရေအိုးများ မရှိသဖြင့် သာမန်ရေအိုးများဖြင့်သာ အဆင်ပြေသလို ခပ်ယူသောက်သုံးနေရ ကြောင်း၊ ယခုအခါ တောင်ငူမြို့၊ သင်္ဘောဦးကျောင်းတိုက်မှ စာချဆရာတော် ဦးပုညဝရ ဦးစီးတည်ထောင်ထားသည့် အလှူရှင် ပါရမီပုညရှင် ပရဟိတအသင်းမှ ကုန်ကျငွေ (၁၀)သိန်းကျော် တန်ဖိုးရှိ အဲယားကွန်ပရေဆာနှင့် လီတာ ၆၀ဝ ဆံ့ စတီး သောက်ရေအိုး တို့အား လှူဒါန်းပေးခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၂၀ဝ ကျော်ခန့်မှ နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ အဆင်ပြေစွာ သုံးစွဲခွင့်ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပုဂံမြေ)


