နေပြည်တော် ၂၇ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေးအခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၉ နာရီက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် နန်းသြကျေးရွာအုပ်စု၊ နန်းသြကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ တက်ရောက် အမှာစကား ပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်းချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်လူငယ်များ ဉာဏ်ရည်မြင့်မား တိုးတက်စေရန် ကျန်းမာကြံ့ခိုင်သန်စွမ်းရန်နှင့် အာဟာရပြည့်ဝရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် နို့တိုက်ကြွေးခြင်းကို နိုင်ငံတော် စီမံကိန်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအစာဘေးကင်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အခြေခံပညာကျောင်းများ နို့တိုက်ကျွေးရေး လှုပ်ရှားမှု မှတ်တမ်းပုံများအား လှည့်လည်ကြည့်ရှုကာ နန်းသြကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၂၄)ဦး တို့ကို အာဟာရပြည့်ဝစေရန် ကြက်ဥ၊ ပေါင်မုန့်၊ နွားနို့များ တိုက်ကျွေးခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ အမြဲတမ်းအတွင်းဝန် ( မွေးမြူရေးကဏ္ဍ ) ဒေါက်တာ ခင်ဇော်နှင့်တာဝန်ရှိသူများ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီများဖြစ်ကြသည့် ဦးအေးမြင့်နှင့် ဒေါ်စံပယ်ထွေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ပြန်/ဆက်)


