ထားဝယ် ၁၃ သြဂုတ်
အခြေခံရေချိုငါး မွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဇဟာကျေးရွာရှိ တစ်ပိုင်တစ်နိုင် ငါးသားဖောက်စခန်းတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်အောင်က ရေချိုငါးသားဖောက်နည်းပညာများ၊ ရေချိုငါးမွေးမြူရေးလုပ်ငန်းများကို ပြည်သူလူထုက စိတ်ပါဝင်စား၍ ရေချိုငါးကဏ္ဍ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်စေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာစေရန် အတွက်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချပေးသော သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားရန်နှင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း ပြောကြားသည်။
သင်တန်းတွင် တာဝန်ရှိသူများက သင်တန်းသား(၂၅)ဦးအား မျိုးငါးများပြုစုခြင်း၊ သားဖောက်ရန် သင့်လျော်သော မျိုးငါးများ ရွေးချယ်ခြင်း၊ မျိုးငါးများ လက်တွေ့ပိုက်ဆွဲခြင်း၊ သရုပ်ပြခြင်းနှင့် ဆေးထိုးခြင်း၊ သဘာဝနည်းဖြင့် သားဖောက်ခြင်းနှင့် ဆေးထိုးသားဖောက်ခြင်း၊ သန္ဓေအောင်ငါးများလေ့လာခြင်း၊ ငါးသားပေါက် ထည့်သွင်းမည့်ငါးကန်၏ရူပ၊ ဓါတုပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် ကန်အတွင်းသို့ လွှတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မွေးမြူထားသော ငါးများအား ပြန်လည်ဖမ်းဆီးခြင်းစနစ် စသည့်တိုကို သြဂုတ် ၁၄ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်ပြန်/ဆက်