နေပြည်တော်၊ ဩဂုတ် ၂၉

 

အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄) နှင့် အင်ဂျင်နီယာလုပ်ငန်း ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက နေပြည်တော် စည်ပင်သာယာရေးကော်မတီရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်က နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အတွက် အချိန်ပြည့်ပေးဆပ်ရန် တာဝန်ရှိသလို နိုင်ငံတော်ကလည်း ဝန်ထမ်းများ၏ ရပိုင်ခွင့်နှင့် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပံ့ပိုး ထောက်ပံ့ပေးလျက် ရှိသည့်အတွက် ဝန်ထမ်းများသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိပြီး မိမိအားပေးအပ်သည့် တာဝန်များကို လုပ်ငန်းစွမ်းဆောင်ရည်နှင့် စေတနာအပြည့်အဝဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်း၊ ပြည်သူလူထု၏ အကျိုးစီးပွားကို စေတနာထားဆောင်ရွက်ပေးခြင်းဖြင့် မွန်မြတ်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ရန်အတွက် ရိုးသားမှု၊ စနစ်တကျနေထိုင်မှု၊ ကြိုးစားလိုစိတ်ရှိမှု၊ အချင်းချင်း အထက်အောက် ရိုသေလေးစား တန်ဖိုးထားပြီး စည်းလုံးညီညွတ်စွာဖြင့် ညှိနှိုင်းတိုင်ပင် ပူးပေါင်းလက်တွဲ ဆောင်ရွက်လိုသည့် စိတ်ဓာတ်ကောင်းများ မွေးမြူထားရှိကာ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့် သင်တန်းသား/ သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

 

ယခုသင်တန်းကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ် သင်ကြားခြင်းဖြစ်ပြီး သင်တန်းကာလ ရက်သတ္တပတ် (၈) ပတ်ကို လုပ်ငန်းခွင်မပျက် သင်ကြား ပေးသွားမည်ဖြစ်ကာ ပြင်ပဌာနများဖြစ်သော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဝန်ထမ်းရေးရာ ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပင်စင်ဦးစီးဌာန၊ နေပြည်တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း (နေပြည်တော်) တို့မှ လာရောက်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်