နေပြည်တော် မတ် ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့် ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် မတ် ၁ ရက်မှ ၄ ရက်အထိ ကျင်းပသည့် အကြိမ် (၄၀) မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (40th ASEANAPOL Conference) သို့ တက်ရောက်ခဲ့သည်။
အကြိမ် (၄၀) မြောက် အာဆီယံရဲအဖွဲ့ညီလာခံ (40th ASEANAPOL Conference) သို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အဆင့်မြင့်ရဲအရာရှိကြီးများ၊ အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးနှင့် အဆင့်မြင့် ရဲအရာရှိကြီးများ၊ ဆွေးနွေးဘက် နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ နယူးဇီလန်၊ တူရကီ၊ ဗြိတိန်၊ ဩစတြေးလျနိုင်ငံတို့မှ ရဲချုပ်များနှင့် အဆင့်မြင့် ရဲအရာရှိကြီးများ၊ လေ့လာဘက်နိုင်ငံ/ အဖွဲ့အစည်းများဖြစ်ကြသော ကနေဒါ၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရဲချုပ်များအသင်း (International Association of Chiefs of Police - IACP)၊ Federal Bureau of Investigation (FBI) တို့မှ အဆင့်မြင့်ရဲအရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ညီလာခံအစီအစဉ်အနေဖြင့် မတ် ၁ ရက်တွင် (၁၁) ကြိမ်မြောက် အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကိုလည်းကောင်း၊ မတ် ၂ ရက်တွင် အကြိမ် (၄၀) မြောက် အာဆီယံ ရဲအဖွဲ့ ညီလာခံ ဖွင့်ပွဲအခမ်းအနား၊ ပထမအကြိမ် စုံညီအစည်းအဝေး၊ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲ၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးပွဲ၊ ကော်မရှင် A ၊ B ၊ C အစည်းအဝေးများကိုလည်းကောင်း၊ မတ် ၃ ရက်တွင် အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၏ ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဂေါက်သီးရိုက် အားကစားအဖွဲ့များ၏ ဂေါက်သီးရိုက်ပြိုင်ပွဲတို့ကိုလည်းကောင်း၊ မတ် ၄ ရက်တွင် ဒုတိယအကြိမ် စုံညီအစည်းအဝေးနှင့် အကြိမ် (၄၀) မြောက် အာဆီယံ ရဲအဖွဲ့ညီလာခံ ပိတ်ပွဲအခမ်းအနားတို့ကို လည်းကောင်း ကျင်းပခဲ့သည်။
မတ် ၂ ရက်တွင် ပြုလုပ်ခဲ့သော ကော်မရှင် A ၊ B ၊ C အစည်းအဝေးများ၌ မူးယစ်ဆေးဝါး ကုန်ကူးမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှုခင်း၊ ပင်လယ်ရေကြောင်းဆိုင်ရာ လိမ်လည်မှု၊ စီးပွားရေးဆိုင်ရာ လိမ်လည်မှု၊ ဆိုက်ဘာမှုခင်း၊ ခရီးသွား စာရွက်စာတမ်း အတုပြုလုပ်မှု၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့ဝင် နိုင်ငံများအကြား စွမ်းရည်မြှင့်တင်ရေးအစီအစဉ်၊ မှုခင်းဆေးသိပ္ပံဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
မတ် ၃ ရက်တွင် အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ရဲချုပ်များနှင့် အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံးမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးတို့က ငြိမ်းချမ်းရေးနန်းတော် (Peace Palace) သို့ သွားရောက်၍ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Sen အား ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။
ယင်းနေ့ နံနက် ၁၁ နာရီတွင် အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံး၊ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး တာဝန်လွှဲပြောင်း/ လက်ခံခြင်း အခမ်းအနားကို Sokha Phnom Penh ဟိုတယ်၊ Riang Sap ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဇော်လင်းထွန်းက စင်္ကာပူနိုင်ငံ ရဲတပ်ဖွဲ့၊ Deputy Assistant Commissioner Jim Wee ထံမှ အလုပ် အမှုဆောင် ညွှန်ကြားရေးမှူးတာဝန် လွှဲပြောင်းလက်ခံခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မလေးရှားနိုင်ငံရဲတပ်ဖွဲ့၊ စင်္ကာပူနိုင်ငံရဲတပ်ဖွဲ့တို့မှ ရဲချုပ်များနှင့် ကမ္ဘောဒီးယား နိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်တို့ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံး၊ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး တာဝန်ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ထမ်းဆောင်ရမည်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မတ် ၅ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ် ၆ ရက် ညပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


