နေပြည်တော် ၉ မေ
အကျိုးတူကန်ထရိုက်လယ်ယာစနစ် (Contract Farming) ဖော်ဆောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ် (Grand Ballroom) ၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တောင်သူများ၏ တစ်ယူနစ် ထုတ်လုပ်မှုလုပ်ကွက်မှ ဝင်ငွေတိုးတက်စေမှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာလျော့နည်းစေနိုင်မှု၊ အရည်အသွေးကောင်းထုတ်ကုန် သီးနှံထုတ်လုပ်နိုင်မှု၊ ထုတ်ကုန်အပေါ် အာမခံပေးနိုင်သော ဈေးနှုန်းရရှိစေမှု၊ ထုတ်လုပ်သူ တောင်သူများအစုအဖွဲ့ဖြင့် ဆောင်ရွက်နိုင်မည့် အလေ့အကျင့်ကောင်းများ ဖော်ဆောင်နိုင်မှုနှင့် အတူအခွင့်အရေးနှင့် အကျိုးစီးပွားစုပေါင်းတိုင်ပင် ဆောင်ရွက်သည့် ရပ်ရွာဒေသအခြေပြု တောင်သူလယ်သမား အစုအဖွဲ့များ ထူထောင်နိုင်ရန် မျှော်မှန်းပြီး အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဖော်ဆောင်ခြင်းသည် လက်တွေ့ဘဝ ပကတိလိုအပ်ချက်နှင့် ကိုက်ညီသောအစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ UMFCCI နှင့် ညီနောင်အသင်းအဖွဲ့များ၊ ဘဏ်လုပ်ငန်းရှင်များနှင့် ဆက်စပ်အဖွဲ့အစည်းတို့မှ ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အကျိုးတူ ကန်ထရိုက်လယ်ယာ စနစ်ဖော်ဆောင်ရေးဆိုင်ရာများ ဆွေးနွေးကြမည်ဖြစ်သည်။
ကန်ထရိုက်စာချုပ်များသည် တောင်သူများ၊ ငွေကြေးဘဏ္ဍာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အစိုးရအဖွဲ့အစည်း၏ အောက်ခြေအဆင့်ဆင့်တို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်သည့် စနစ်၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်သည့် ကန်ထရိုက်စနစ် စသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုး တည်ရှိနေကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများကို အမှန်တကယ် သုံးစွဲမှုနှင့်အတူ ပုဂ္ဂလိကငွေချေးဘဏ်များကပါ ချေးငွေကိစ္စဆိုင်ရာများကို အကျိုးတူပူးပေါင်၍ ကန်ထရိုက်လယ်ယာစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း UMFCCI ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
"အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်တစ်ရပ် ထူထောင်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်(၂)ချက်ဖြစ်တဲ့၊ ငွေကြေးရင်းနှီးမြှပ်နှံမှုအပေါ် ခိုင်မာစွာ ရပ်တည်မှုပြုနိုင်မယ့် ဘဏ်စနစ် (Bankable System) တစ်ရပ် ထူထောင်ထားရှိနိုင်ဖို့၊ လုပ်ငန်းဆိုင်ရာကျင့်ဝတ်များ လိုက်နာခြင်းဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရှိစေဖို့ စီမံဆောင်ရွက်သွားသင့်တဲ့စနစ် (Enforced Contract Farming System) ဖြစ်စေဖို့ကိုတည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အရည်အသွေးပြည့်ဝသည့် လယ်ယာထုတ်ကုန်များနှင့် အာမခံချက်ပြည့်ဝတဲ့ ထုတ်ကုန်များဖြစ်ရေး၊ တောင်သူများအတွက် အမြတ်အစွန်းရရှိနိုင်မယ့် ဈေးနှုန်းပုံစံ ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်တယ်" ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောသည်။
ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် ကန်ထရိုက်လယ်ယာစနစ် ပုံစံမျိုးစုံရှိသည့် လုပ်ငန်းများစွာကိုခိုင်မာသည့် SOP ရေးသားဖော်ပြမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆန်စပါး၊ ပြောင်း၊ ကြံ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ် စသောသီးနှံအမယ်များနှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှမ်း၊ နေကြာနှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို အမယ်တစ်မျိုးချင်းစီအလိုက် ရေးသားပြုစု မှတ်တမ်းတင်မည်ဖြစ်ကြောင်း၊ အမယ်တစ်မျိုးချင်းစီအလိုက် ဈေးနှုန်း၊ အရည်အသွေး၊ စံချိန်စံညွှန်းပိုင်းဆိုင်ရာများတွင် အကျိူးတူဆောင်ရွက်သူများ၏ ကတိကဝတ်များ၊ အငြင်းပွားမှုများအပေါ် ဖြေရှင်းရေးဆိုင်ရာများ၊ ပျက်ကွက်မှုများအပေါ် ဥပဒေနှင့် စာချုပ်ပါစည်းကမ်းများနှင့် အညီဆောင်ရွက်ရန်များကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)