နေပြည်တော် ၂၄ ဇူလိုင် 

အမေရိကန်နိုင်ငံ တရားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပူးပေါင်း၍ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် အကြမ်းဖက်မှုတို့ကို တရားစွဲဆိုဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Hilton Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံအားလုံးနီးပါးကြုံတွေ့နေရသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများကို အရေးယူဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ မြန်မာနိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် နိုင်ငံတကာနှင့်ဒေသတွင်း ကွန်ဗင်းရှင်းများတွင်ပါဝင်၍ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင်လိုအပ်သည့် ပြည်တွင်းဥပဒေများကို ပြဋ္ဌာန်း၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အမေရိကန်နိုင်ငံ တရားရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဥပဒေအရာရှိ ၂၄ ဦးပါဝင်သော နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ အဖွဲ့ကို ၂၀၁၈ ခုနှစ်၊ မေလတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါအရာရှိများကို နိုင်ငံဖြတ်ကျော်မှုခင်းများ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းနှင့် အမှုလိုက်ပါဆောင်ရွက်ခြင်းဆိုင်ရာများ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည့်အတွက် များစွာအကျိုးရှိပါကြောင်း ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် တရားစွဲနှင့်  အမှုလိုက်ဌာနမှဒု-လက်ထောက် အတွင်းဝန်က နိုင်ငံဖြတ်ကျော် မှုခင်းများနှင့်အကြမ်းဖက်မှုများ တိုက်ဖျက်ရေးတွင် ထိရောက်အောင်မြင်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အဆိုပါမှုခင်းများ တိုက်ဖျက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း ပြောကြားသည်။

ယင်းနောက် အမေရိကန်နိုင်ငံ နိုင်ငံတကာမူးယစ်ဆေးဝါးနှင့် တရားစွဲနှင့်အမှုလိုက် ဌာနမှ ဒု-လက်ထောက် အတွင်းဝန် Mr.JorganK. Andrews က အမှာစကားပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အမေရိကန်နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr.George Sibley နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်