နေပြည်တော် ဖေဖော်ဝါရီ ၁၈

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရောက်ရှိနေသော ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများ အားလုံးပါဝင်မှုရှိစေရေး  စာရင်းတွင် မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ ထောက်ပံ့မှုများကို ပြည်ထောင်စုနယ်မြေအတွင်းတွင် လာရောက်နေထိုင်သည့် အမှန်တစ်ကယ် နေရပ်စွန့်ခွာ ပြည်သူများ လက်ဝယ်မှန်ကန်မြန်ဆန်စွာ ရောက်ရှိစေရေး  သက်ဆိုင်ရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်အလိုက် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ထောက်ပံ့ပေးအပ်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက်  ထောက်ပံ့ငွေများပေးအပ်ပြီး ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ငွေ ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးကြသည်။

ယနေ့တွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် ပြည်ထောင်စုအဆင့်ဝန်ကြီး ဌာနများတွင် လာရောက်နေထိုင်သူ လူဦးရေ ၃၇၁၃ ဦး အတွက် ငွေကျပ် ၇၄၂၆၀၀၀၀၊ တပ်နယ်များတွင် လာရောက်နေထိုင်သူ လူဦးရေ ၄၃၆ ဦးအတွက် ငွေ ကျပ် ၈၇၂၀၀၀၀၊  မြို့နယ် ရှစ်မြို့နယ်တွင် လာရောက်နေထိုင်သူ လူဦးရေ ၅၅၂၃ ဦးအတွက် ငွေကျပ် ၁၁၀၄၆၀၀၀၀၊ စုစုပေါင်း လူဦးရေ ၉၆၇၂ ဦးအတွက် ငွေကျပ် ၁၉၃၄၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်