နေပြည်တော် ၂၁ ဩဂုတ်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ အဖွဲ့သည် ဩဂုတ် ၁၉ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အချုပ်ထောင်၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံ အချုပ်ခန်းများကို လည်းကောင်း၊ ဩဂုတ် ၂၀ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အကျဉ်းထောင်၊ လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း၊ တရားရုံး၊ ဆေးရုံ အချုပ်ခန်းများကို လည်းကောင်း၊ ယနေ့တွင် ဘားအံမြို့ မရဲစခန်းအချုပ်ခန်းနှင့် မာလာဖူး ကုန်ထုတ်စခန်းများအား လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား များကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများ ဖြစ်သော ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲ ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံး အဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊ အကျဉ်းထောင် အတွင်း ညှဉ်းပန်းနှိပ်စက်မှုရှိ မရှိနှင့် နေထိုင် စားသောက်မှု အခြေအနေများစသည့် အခြေခံလူ့အခွင့်အရေး အခြေအနေများကို မေးမြန်းမှတ်တမ်း တင်ခြင်း၊ တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများနှင့်တွေ့ဆုံကာ မှတ်တမ်းတင်ခဲ့ကြသည်။
အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းများကို ဝင်ရောက်ကာ အကျဉ်းသား အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များ၊ စားဖိုကြီး၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထား ရှိမှုကို လှည့်လည်၍ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ် သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)