နေပြည်တော် ၁၅ စက်တင်ဘာ
စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုသီးနှံသုတေသနဌာနစု တာဝန်ခံ သုတေသနမှူး ဒေါ်သီသီမြင့်နှင့် သုတေသနပညာရှင်များသည် အရည်အသွေးကောင်း၊ အထွက်ကောင်း စက်မှုသီးနှံမျိုးသစ်များ သုတေသနပြု ရှာဖွေဖော်ထုတ်ရန်၊ အထွက်နှုန်းတိုးစေမည့် စိုက်ပျိုးနည်းစနစ်များ စမ်းသပ်ရှာဖွေရန်နှင့် ရရှိလာသော စက်မှုသီးနှံ မျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များအား တောင်သူများထံ ဖြန့်ဝေပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စက်မှုသီးနှံများဖြစ်သည့် ကြံ၊ ဝါ၊ လျှော် (ဂုန်လျှော်၊ ချဉ်ပေါင်လျှော်)၊ ပီလောပီနံ အစရှိသော သုတေသနများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ကြံအထွက်နှင့် သကြားအထွက်နှုန်းကောင်း၍ အရည်အသွေးကောင်းသည့် ကြံမျိုးများရရှိရန် ရည်ရွယ်လျက် အလားအလာကောင်းသော ကြံမျိုးများ ရိတ်သိမ်းချိန်အလိုက် အရည်အသွေးနှင့် အထွက်နှုန်းအား လေ့လာခြင်းသုတေသနကို စမ်းသပ်ကွက်တာဝန်ခံ ဒေါ်အေးမိုးမိုးနှင့် သုတေသနပညာရှင်များက သုတေသနပြု ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သုတေသနတွင် အသုံးပြု စိုက်ပျိုးထားသော ကြံမျိုးများမှာ ၂၀၁၁ ခုနှစ်တွင် မျိုးကူးစပ်ရရှိခဲ့သော ကြံမျိုး ၁၇ မျိုးနှင့် ထုတ်ဝေပြီးမျိုးဖြစ်သော DAR- 4 ကြံမျိုးကို စံထားမျိုးအဖြစ် အသုံးပြုထားခြင်းဖြစ်ရာ စုစုပေါင်း ကြံမျိုး ၁၈ မျိုးကို စမ်းသပ်စိုက်ပျိုးထားခြင်း ဖြစ်သည်။ စမ်းသပ်ချက်များအဖြစ် ကြံသီးနှံ၏ သက်တမ်း (၁၀)လသားတွင် ရိတ်သိမ်းခြင်း၊ (၁၁)လသားတွင် ရိတ်သိမ်းခြင်းနှင့် (၁၂)လ တစ်နည်းအားဖြင့် တစ်နှစ်သားတွင် ရိတ်သိမ်းခြင်းတို့အား စပလစ်ပလော့ထ် ဒီဇိုင်းကို အသုံးပြုကာ ထပ်ပြုကြိမ် သုံးကြိမ်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးထားသော ကြံမျိုး ၁၈ မျိုးကို စမ်းသပ်ချက် ရိတ်သိမ်းချိန်များအလိုက် ရိတ်သိမ်းမည်ဖြစ်ရာ ရိတ်သိမ်းချိန်အလိုက် အချိုဓာတ်နှင့် သကြားပါဝင်မှုရာခိုင်နှုန်း၊ ကြံ၏ အလေးချိန်နှင့် အထွက်နှုန်းတို့အား စနစ်တကျမှတ်တမ်းများ ကောက်ယူလေ့လာသွားမည်ဖြစ်သည့်အပြင် အပင်ရောဂါ သုတေသနပညာရှင်များနှင့် ပူးပေါင်းကာ ကြံအူနီရောဂါများ ထိုးသွင်းစမ်းသပ်ထားလျက်ရှိသောကြောင့် အူနီရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ကြံမျိုးများလည်း ရရှိမည်ဖြစ်ကြောင်း၊ ယခု စမ်းသပ်စိုက်ပျိုးထားသည့် ကြံမျိုး (၁၈) မျိုးအနက် လက်ရှိ သုတေသန၏ ပဏာမ တွေ့ရှိချက်များအရ ၁၁- ၁၂၅၃၉ နှင့် ၁၁- ၉၈၉၃ ကြံမျိုးများသည် အချိုဓာတ်နှင့် သကြားပါဝင်မှု မြင့်မား၍ ပင်ပွါးထွက်ရှိမှုကောင်းကာ အထွက်နှုန်းကောင်းကြောင်း တွေ့ရကြောင်း၊ ၁၁- ၉၈၀၁ ကြံမျိုးသည် အသက်လျှင်ခြင်း၊ အထွက်နှုန်းကောင်းခြင်း အစရှိသော လက္ခဏာများရှိသည့်အပြင် ကြံအူနီရောဂါဒဏ် ခံနိုင်ရည်ရှိသော မျိုးဖြစ်ကြောင်း တွေ့ရှိရကြောင်း အဆိုပါ သုတေသနပညာရှင်များထံမှ သိရသည်။
သို့ဖြစ်ပါ၍ ကြံစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းကောင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော ကြံသီးနှံမျိုးသန့်များနှင့် စိုက်ပျိုးနည်းပညာများအား ရယူလိုပါက ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုသီးနှံသုတေသနဌာနစုသို့ ဆက်သွယ်၍ အကူအညီများ ရယူနိုင်ကြောင်း သိရသည်။
မေမိုးသဲ


