နေပြည်တော် ၂၁ မေ 
    

 

အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော အလုပ်အကိုင်ဖန်တီးပေးနိုင်မှု ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ (၁/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
    

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအတွက် နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများက ပေးအပ်သည့် ဖွံ့ဖြိုးမှုအကူအညီများ ရယူအသုံးပြုရာတွင် ပိုမိုထိရောက်မှုရှိစေရန် ဖွဲ့စည်းထားသည့် ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (DACU) ၏ ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Sector Coordination Groups-SCG) (၁၀) ဖွဲ့တွင် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group – JCSCG) သည် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း။ 

 


မိမိတို့အနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်ရောက်ပြီးသူများအတွက် သင့်တော်သည့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ (Development Partner – DP) ထံမှ အကူအညီများရယူနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအစည်းအဝေးတွင် အလုပ်အကိုင်များရရှိစေရေးအတွက် ကဏ္ဍခွဲအလိုက် ရယူလိုသည့်အကူအညီများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်လိုသည့်ကဏ္ဍများ၊ ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဖွံ့ဖြိုးမှုအကူအညီများပေးရာတွင် လုပ်ငန်းများ ထပ်မနေစေရေးနှင့် ကဏ္ဍခွဲအလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပေးကြရန် ပြောကြားသည်။

 


အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ JCSCG ၏ လက်အောက်ရှိ သက်ဆိုင်ရာဦးစားပေးကဏ္ဍ (၅)ခုမှ တာဝန်ရှိသူများ၊ ဂျာမဏီနှင့် ဆွစ်ဇာလန်နိုင်ငံသံရုံးများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် GIZ, JICA, ILO, ADB, World Bank တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ပြည်ထောင်စု ဝန်ကြီးသည် ညနေ ၃ နာရီခွဲတွင် မိုဇမ်ဘစ်နိုင်ငံမှ National Director of Trade,Mr. Amilcar Carlos ARONE အဖွဲ့နှင့် USAID မှ Chief of Party,Mr. Steve Parker နှင့် ကိုယ်စားလှယ်များအား ဝန်ကြီးဌာန၊ ဧည့်ခန်းမ (၁) တွင် လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် မိုဇမ်ဘစ် နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

 


(သတင်းစဉ်)